ခြောက်သွေ့နေသော ကတ္တရာလမ်းပေါ်တွင် လမ်းလျှောက်နေရင်း သူမ၏ အပြုံးများကြောင့်ပင် ကတ္တရာလမ်းမှာ မနက်မှောင်နိုင်ပဲ မှိန်ဖျော့ဖျော့ လင်းနေသလို ထင်ရလေသည်။ အချစ်သည် ဓါတ်လိုက် သကဲ့သို့ ရှိသည်ဟု ငယ်စဉ်က ကြားဖူးခဲ့သည်။ ငယ်ရွယ်စဉ် သူပိုင်ဆိုင်ဖူးသည့် ဂိမ်းစက်ကလေးမှ ပလပ်တုံးကြီးကို ပလပ်ပေါက်လေးထဲ ထိုးထည့်ရင်း အနည်းငယ် ဓါတ်လိုက်ခံရစဉ်ကတော့ဖြင့် ဗို့အား မပြင်းလှသောကြောင့် ဓါတ်လိုက်ခံရပြီး နှလုံးတုန်သွားတတ်သည်မှာ အရသာရှိသလိုပင် ခံစားရသည်။
ထိုငယ်ရွယ်စဉ် အချိန်မှ လေးငါးနှစ် အလွန်တွင် အတန်းကြီးများ ပြောတတ်ကြသည့် သင်ခန်းစာများကို နားထောင်ရင်း အချစ်သည် တင်ပါးနှင့် ရင်သားတို့၏ အရွယ်အစားတို့နှင့် တိုက်ရိုက် အချိုးကျသည်ဟု ခံစားမိ ပြန်လေသည်။ ထိုအရွယ်တွင် ဘုရားရှိခိုးလျှင်ပင် ကာယကံ၊ ဝစီကံကို ထည့်သွင်း ဆိုသော်လည်း မနောကံ နေရာတွင်မူ မဆိုပဲ တိတ်တိတ် နေခဲ့ဖူးသည်။ နောင်အခါ ကြညြ့်ဖစ်သည့် ရုပ်ရှင်ထဲမှ ဆင်းရဲသော မင်းသား၏ ချစ်သူကို တဲအိုပျက်တွင် မထားချင်သော စေတနာကို တွေ့မိသောအခါ အချစ်သည် စွန့်လွှတ်ခြင်း ဟု ခံစားရပြန်လေသည်။ ထို့နောက် စွန့်လွှတ်လိုက်သောအခါ၊ အချစ်မှလွဲ၍ အခြား ဘာများ ရခဲ့ပါသနည်းဟု ပြန်လည် မေးခွန်းထုတ်ပြန်လေသည်။
တကယ်တမ်း သူ့ဆီ လာခဲ့သောအခါ အချစ်သည် မုန့်ဈေးတန်းထဲတွင် ထီးကိုင်ရင်း မုန့်ဝယ်နေခဲ့ လေသည်။ အချစ်သည် သူ ရပ်နေခဲ့သည်ကို သိခဲ့သည် ရှိမည်၊ နောက်လှည့်ကာ ထီးကို ဖယ်၍ ကြည့်သည်။ သူမသည် နှစ်စက္ကန့်ထက် မပိုသည့် အချိန်အတိုင်းအတာအတွင်း ဈေးသည်ဆီ ပြန်လှည့်သွားခဲ့ သော်လည်း၊ သူ၏ အတွေးတွင်မူ ထို နေ့လည် ကျောင်းတက်၊ ကျောင်းဆင်း၊ အိမ်ပြန်၊ ညဖက် အိပ်ယာဝင်သည်အထိ အကြည့်ချင်း ဆုံနေဆဲဟု ခံစားခဲ့လေသည်။ ဦးနှောက်သည် သွေးများ ဆောင့်တက်၍ ဓါတ်လိုက်သွားသည်ဟု သူ့အား ပြတ်ပြတ်သားသား ဆိုလေ၏။
သူမ ရှိရာကို လှမ်းကြည့်လျှင် အလင်းရောင်တွေ ဖြာထွက်နေသလို မြင်သဖြင့် သူ့တွင် နေရောင်ချည် ထိုးရာ လမ်းကြောင်းပင် ပြောင်းသွားလေသလားဟု ဇဝေဇဝါ ဖြစ်ရသည်။ အမှောင်ထဲတွင် မီးလုံးဆီ မျက်လုံး ရောက်သကဲ့သို့ သူသည်လည်း သူမ၏ အလင်းရောင်ကြောင့် မျှော်ငေးမိကာ အပြုံးလေးတွင် လက်မှိုင် ချရလေသည်။ အတန်းရှေ့မှ ဆရာမသည် အလင်းရောင်များ ဖြာထွက်နေခြင်း မရှိပေ။ သူမသည်သာ အလင်းရောင် ဖြစ်လေ၏။
အတန်းတွင် ခုံများကို နေ့စဉ် နေ့စဉ် တစ်လိုင်းစီ တစ်လိုင်းစီနှင့် ရွှေ့ထိုင်ရလေသည်။ ထို့ကြောင့် သူမနှင့် သူနှင့် ကြားတွင် နှစ်လိုင်း အမြဲတမ်း ခြားနေလေသည်။ သူတို့ နှစ်လိုင်း အလည်တွင် တစ်ခါမျှ ဆုံစေရန် ယောင်္ကျားလေး လိုင်းနှင့် မိန်းကလေး လိုင်း နှစ်ခုအနက်မှ တစ်ခုခုကို ပြောင်းပြန် လှည့်ပြီး ရွှေ့ထိုင်ခိုင်းစေရန် အတန်းပိုင် ဆရာမအား အဆိုတင်သွင်း ချင်ခဲ့ဖူးသည်။
သူမစီးသော ကျောင်းကားသည် အုတ်ဘောင်များ ခတ်ထားသော ညောင်ပင်ကြီးအောက်၊ အခြား ကျောင်းကားများ ကြားတွင် ရပ်ခဲ့လေသည်။ သူသည် လမ်းလျှောက်ပြန်ကျ ဖြစ်သောကြောင့် သူမ မည်သည့်ကား စီးကြောင်းကို အနောက်ကျခံကာ စောင့်ကြည့်ခဲ့ဖူးသဖြင့် သိရခြင်း ဖြစ်လေသည်။ ထို့နောက် သူမ ကျောင်းကားက ကျောင်းဝင်းထဲ လမ်းမှ နေ၍ ကားလမ်းမကြီးပေါ် ထွက်သည့် လမ်းကိုပင် သိသောကြောင့် အိမ်နှင့် နီးသော လမ်းမှ မပြန်ပဲ၊ သူမ ကျောင်းကား ဖြတ်နေကျ လမ်းဖက်မှ အမြဲ တကွေ့တပတ် လျှောက်ပြန် ဖြစ်ခဲ့လေသည်။ အချစ်အတွက် ဓါးတောင်ကို သူမကျော်ခဲ့ပါ၊ မီးပင်လယ်ကို မဖြတ်ခဲ့ပါ။ သူသည် ကားဖြတ်သွားသည်နှင့် ကြုံ၍ တွေ့သောအခါ ခိုးကြည့်၍ မတွေ့သောအခါ ဟာတာတာ ဖြစ်ရုံဖြင့် ကျေနပ်ခဲ့ပါသည်။
ကံကောင်းသော နေ့များတွင် ကျောင်းဆင်းချိန် သူမ အနားက ဖြတ်သွားရလျှင် တစ်လှမ်း လျှောက်တိုင်း တစ်ချက်ရမ်းသော သူ့လွယ်အိတ်အတွင်းရှိ ကွန်ပါဘူးအတွင်းမှ ခဲတံများပင် ဂလောက်ခနဲ မြည်မသွားရစေအောင် လွယ်အိတ်ကို ခပ်ဖွဖွ ကိုင်ပြီး လျှောက်ခဲ့ဖူးလေသည်။ ဆူညံသော ကျောင်းဆင်းချိန်တွင် ဤကဲ့သို့ ပြုမူရခြင်းအား သူကိုယ်တိုင်လည်း နားမလည်သကဲ့သို့ သူ၏ ခဲတံများကိုလည်း တခါမှ မရှင်းပြနိုင်ခဲ့ ဖူးပေ။ သူသည် စကားလည်း မစတတ်၊ ချောင်းကြည့်ရုံ အဆင့်မျှ မတက်နိုင်သဖြင့် သူ၏ ခဲတံမှာလည်း လုံးပတ်တွင် သူငေးရင်း ကိုက်ထားသည့် ကိုက်ရာများနှင့် အားမလို အားမရ တုံးလုံးလှဲ နေတတ်လေသည်။ ဆရာဝန်အား မရှင်းပြရဲသည့် လူသိမခံဝံ့သော ရောဂါ ရှိသကဲ့သို့ပင် ကိုယ့်ရောဂါ ကိုယ်မျိုချရင်း ရောဂါများ ပိုသည်းခဲ့လေသည်။
သူ၏ အသက်အရွယ်နှင့် သူ့ဘဝတစ်သက်မှ နောင်တများသည် တိုက်ရိုက် အချိုးကျခဲ့လေသည်။ ထိုကဲ့သို့ အရည်အတွက် နည်းလှသော နောင်တများ ထဲမှ တစ်ခုသည်၊ ကင်မရာလေး တစ်လုံး မရှိခဲ့ခြင်း၊ သူမ၏ အပြုံးလေးကို တိတ်တဆိတ် ဓါတ်ပုံရိုက်ပြီး မသိမ်းဆည်းထားမိခြင်းတို့ပင် ဖြစ်သည်။ ဆောင်းရာသီတွင် သူမ၏ ဆွယ်တာလေးကို ကိုင်ကြည့်ချင်ခဲ့ဖူးသည်။ သူမ ဝတ်ထားသည်ကမှ ကမ္ဘာပေါ်တွင် အနူးညံ့ဆုံးဟု ထင်ခဲ့ဖူးသည်။ သို့သော် သူမ အပြုံးနှင့် သူမ၏ ဆွယ်တာလေး ယှဉ်ရမည် ဆိုပါက အပြုံး၏ နူးညံ့မှုကိုသာ ဦးခိုက်ရပေလိမ့်မည် ဟု သူတွေးသည်။ ထို အပြုံးလေးနှင့် ဆွယ်တာလေး နှစ်ခုလုံးသည် သူ မရရှိခဲ့ဖူးသော၊ ထိတွေ့ခွင့် မရခဲ့ဖူးသော အရာနှစ်ခုသာ ဖြစ်လေသည်။
ရေးပေးပါ ဟူသည့် စာအုပ်လေးများ ခေတ်စားစဉ် အချိန်တွင် အတန်းတစ်တန်းလုံးကို လှည့်ပတ် ပေးကာ လျှောက်ရေးခိုင်းကြ လေသည်။ ညာတာပါတေးနှင့် သူမ လက်ထဲ သူ့ စာအုပ် ရောက်သွားခဲ့ကာ သူမလည်း ရေးချင်သည်များ ရေးထည့်ခဲ့လေသည်။ ထိုနေ့ အိမ်ပြန်ရောက်မှ စာအုပ်ထဲတွင် သူမ ရေးထားသည်များ ဖတ်ဖြစ်သည်။ သူမ၏ လက်ရေးလေးများသည် ဆရာစောမင်းဝေ၏ သရုပ်ဖော်ပုံများထက် အဆပေါင်းများစွာ ပိုမို ကြည့်လို့ကောင်းနေလေသည်။ နောင်အခါ ဖတ်ပါများ၍ စာအုပ်ပင် ရွဲလာခဲ့လေသည်။
ဆက်သွယ်ရန်တွင် သူ့ ဖုန်းနံပတ် တွေ့သောအခါ သူသည်လည်း တာဝန်သိ ပြည်သူ တစ်ယောက် အနေနှင့် ဖုန်းခေါ်တော့သည်။ ထိုအခါ ကောက်ကိုင်သည်မှာ အမျိုးသမီးကြီး အသံ ဖြစ်နေသည်။ သူသည် အသက်ပင် မရှူရဲပဲ ငြိမ်ကာ နားထောင်နေမိလေသည်။ ဘဝတွင် ပထမဦးဆုံး ကောင်မလေး တစ်ယောက်အား ဖုန်းခေါ်သူ အနေနှင့် သူ၏ သတ္တိသည် စာတင်လောက်ပေသည် ဟု သူ့ကိုယ်သူ အားပေးသည်။ ထို့နောက် စိတ်ဆိုးဆိုးနှင့် ပြောချင်တာ ပြောကာ ဖုန်းချသွားသည်အထိ ငြိမ်ကာ နားထောင်ခဲ့လေသည်။
လေ့ကျင့်မှု များသောအခါ ပြီးပြည့်စုံမှု ရှိသွားသည် ဆိုသည့် စကားပုံနှင့် ဖုန်းခေါ်များသောအခါ တစ်နေ့တော့ တည့်တည့်တိုးသည် ဆိုသည်မှာ ခပ်ဆင်ဆင် တူ မတူတော့ သူ မသိပေ။ တစ်နေ့တွင် ဆိုက်ဆိုက်နှင့် မြိုက်မြိုက် တည့်တည့်တိုးသောအခါ သူမ၏ “ဟဲလို” အား သူ့ ရှိစုမဲ့စု ဗန္ဓုလ သွေးဖြင့် သူ့နာမည်ကိုပင် ထစ်ထစ် အအ ပြော၍ ပြန်ဖြေလေသည်။ ထိုအခါ သူမသည် ငါးစက္ကန့်မျှ ငြိမ်သွားပြီး “ဖုန်းမှားနေပါတယ်ရှင်…” ဟု သွေးအေးစွာ ပြောကာ ဖုန်းချသွားခဲ့လေသည်။ သူမ အသံမှန်း သူသိသည်။ ထို့ကြောင့် သူ့ဖုန်းသည် မမှားမှန်းလည်း သူသိသည်။ သို့သော် သူမအား မှားသည်ဟု ပြောရမည်ထက် စာပါက သူ့ကိုယ်သူသာ မှားသည်ဟု လက်ခံမည်သာ ဖြစ်သည်။ သူသည် ခင်ပင်မခင်၊ သိပင်မသိပဲ ဖုန်းဆက်မိသည့် အဖြစ်ကိုသာ အပြစ်တင်ကာ အသံကလေးကိုသာ ပြန်ပြန် ကြားယောင်မိလေသည်။ နောက်ပိုင်းတွင်မူ ဖုန်းမခေါ် ဖြစ်တော့ပေ။
အတန်းတင် စားမေးပွဲကြီးတွင် တစ်ခန်းတည်း ဖြေရန် ကျသောအခါ သူ စာမေးပွဲနေ့ ထုံးစံအတိုင်း ကျောင်းစောစော လာခဲ့လေသည်။ ထိုနေ့က သူမသည် အတန်းရှေ့နားမှ အုတ်ခုံတွင် ထိုင်ရင်း စာကြည့်နေ ခဲ့လေသည်။ သူသည်လည်း သတ္တိ တစ်ပိဿာနှင့် အနားတွင် ခပ်ခွာခွာ ဝင်ထိုင်လိုက်သော်လည်း သူမမှာ ငုတ်တုတ် ငိုက်နေသည့်အလား ခေါင်းငုံ့၍သာ စာကို ဆက်ကြည့်နေခဲ့ လေသည်။ လွယ်အိတ်ကို ညာဖက်တွင် တင်ရင်း ဘယ်ဖက်ရှိ သူမဖက်ကို မသိမသာ ရွှေ့ထိုင်သည်။ ထို့နောက် စာအုပ် ထုတ်သလိုလိုနှင့် ဆက်တိုးနိုင် သမျှ တိုးသည်။ သူ၏ သတ္တိမှာ ထိုထက် မပိုခဲ့ပေ။
ဘတ်စကားပေါ် ထိုင်လျှင်ပင် မည်သည့်အခါမှ ကောင်မလေး ငယ်ငယ် အနား မကျတတ်သည့် သူ၏ ကံကို သူယုံပါသည်။ ထင်သည့်အတိုင်းပင် သူမမှာ အခန်း တဖက်ခြမ်း၌ ဖြစ်ခဲ့လေသည်။ ကံကြမ္မာသည် သူ့ကို စာမေးပွဲ အောင်စေချင်ခဲ့သည့် သဘောတွင် ရှိသည်။ နောက်နေ့များတွင် သူမ စောစော မလာတော့ပေ။
စာမေးပွဲ နောက်ဆုံးနေ့တွင် “ဖြေနိုင်လား” ဟု သွားမေးရန် စဉ်းစားသေးသည်။ သို့သော် စာမေးပွဲ နောက်ဆုံးနေ့မို့ ပျော်ရွှင်နေသည့် လူအုပ်ကြီးထဲတွင် သူမသည် သူ၏ မျက်လုံး ဧရိယာ ပြင်ပသို့ ရောက်ရှိသွားခဲ့သလို ရှိလေသည်။ မျက်လုံး ဧရိယာထဲတွင် ရှည်လျားလှသော နွေရာသီကြီးသာ ရှိခဲ့လေသည်။

***
ဇွန်လ တစ်ရက်နေ့တွင် မိုးရွာလေသည်။ ထူးဆန်းသည့် ကိစ္စတော့ မဟုတ်ပေ။ လူတစ်ရာ နီးပါး အတန်းတွင် လူတစ်ယောက် ပျောက်နေသည်ကို သူ သတိထားမိသည်။ တစ်ယောက်ထက် ပိုပျောက်ချင် ပျောက်ပေလိမ့်မည်၊ သို့သော် သူက ထိုတစ်ယောက်ကို သတိထားမိသည်။ သို့သော် ထူးဆန်းသည့် ကိစ္စတော့ မဟုတ်ပေ။ သို့သော် သူသည် ပျောက်နေကြောင်းကို ရှာဖွေတွေ့ရှိရလေသည်။ ကိုလံဘတ်သည် ကျူးဘားမြေကို နင်းရုံမျှဖြင့် အမေရိက တိုက်ကြီးအား ရှာတွေ့သည်ဟု ဂုဏ်ပြုခံရသည်။ သူသည် ကောင်မလေး တစ်ယောက် ပျောက်နေကြောင်းကို ရှာဖွေတွေ့ရှိသောအခါ အသဲကွဲရလေသည်။
နှလုံးသားလည်း ကျောင်းပြောင်း တက်တတ်သလား သူမသိ၊ ကျောင်းပြောင်းတက်တတ်သော နှလုံးသား သည်လည်း သတိရသူ တစ်ဦးတစ်လေ ကျန်ခဲ့လောက်သည်ဟု တွေးမလား မတွေးမလား မသိ။ သူ့ အိမ်အဟောင်းမှ ဖုန်းအား လာကိုင်ပြီး ဖုန်းမှားနေကြောင်း ပြောပြချင်စိတ်ပင် ရှိတော့မည်လား မသေချာပေ။
ပူလောင်သော နွေရာသီသည် ယခင်နှစ်များအတိုင်းပင် အမှတ်ရစရာ အားလုံးကိုပင် အရည်ဖျော် ပစ်လိုက်နိုင်လေသည်။ သို့သော်လည်း မနှစ်က ပုံစံအတိုင်း ခုံစီထားသည့် ပုံစံတူ စာသင်ခန်းနှင့် တိုးသောအခါ သူ၏ အရည်ပျော်နေသော အမှတ်တရများလည်း အစိုင်ခဲ ပြန်ဖြစ်လာကြသည်။ လိမ္မော်ဝါရောင် နေရောင်ချည်အား ဖြတ်တိုက်လာသည့် လေပူများလည်း သူ၏ အလွမ်းများကို အရည်ပျော်ရန် လုပ်နိုင်ကြတော့မည် မဟုတ်ပေ။ သူသည် ထိုင်နေကျ သူငယ်ချင်းများထဲမှ ထွက်၍ ရှေ့ နှစ်လိုင်းကျော်မှ ခုံတန်းသို့ ဝင်ကာ ခပ်တည်တည်ပင် ထိုင်နေလိုက်လေသည်။