မနေ့က ကျနော် အလုပ်ဆင်းနေတုန်း ဆိုင်ထဲကို အသက်ကြီးကြီး အမေရိကန် အဖိုးနဲ့ အဖွား လင်မယား နှစ်ယောက် ဝင်လာကြတယ်။ အဲဒါနဲ့ ဆိုင်ရှင်က စားပွဲမှာ နေရာချပေးတယ်။ စားပွဲက နှစ်ယောက်ထိုင် ဆိုတော့ ထုံးစံအတိုင်း မျက်နှာချင်းဆိုင် ခုံနှစ်လုံးပေါ့။ ခုံက နံရံနဲ့ ကပ်ထားတဲ့ ခုံရှည်တွေပါ။ တစ်ယောက်တည်း ထိုင်ရင် အတော်လေးကို သက်တောင့်သက်သာ ကျယ်ကျယ်ဝန်းဝန်း ရှိပေမဲ့ နှစ်ယောက် ဝင်ထိုင်မယ် ဆိုရင်တော့ မဆိုစလောက်လေး ကြပ်ပါတယ်။
သူတို့ နှစ်ယောက်ကတော့ ခုံရဲ့ တစ်ဖက်ချမ်းမှာပဲ နှစ်ယောက်ကို ကပ်ထိုင်ကြပါတယ်။ ဒီကလူတွေပဲ ကြင်နာမှု နည်းလို့လားတော့ မသိ၊ စုံတွဲတွေ လာရင် အဲလို တစ်ဖက်တည်းမှာပဲ နှစ်ယောက် အကြပ်အညပ် ခံပြီး စုထိုင်ကြတာမျိုး တွေ့ရလေ့မရှိပါဘူး။ သူတို့ကတော့ သူတို့နှစ်ဦး ဘေးချင်းကပ်လျက်နဲ့ မျက်နှာချင်းဆိုင်ခုံကို အလွတ်ထားပြီး အတူထိုင်ကြပါတယ်။
နောက်ကျ ဝိုင်တွေ မှာသောက်ရင်း ရေခဲတုံးတွေကို ဖန်ခွက်နဲ့ ထည့်လာပေးဖို့ တောင်းတော့မှ ကျနော် ဟိုးအရင် တစ်ပတ်ကလည်း တွေ့ခဲ့ဖူးတယ် ဆိုတာကို မှတ်မိတယ်။ အဲလို ဖန်ခွက်နဲ့ ရေခဲတုံး တောင်းတာက တခြားလူတွေ မတောင်းဖူးလို့ပါ။ ဟိုးအရင် တစ်ပတ်ကလည်း အဲလိုပါပဲ။ ဝိုင်လေး သောက်လိုက်၊ နောက် နမ်းပါ နမ်းလိုက်သေး။ အဲဒီနေ့ကတော့ ကျနော် စဉ်းစားတာပေါ့... အဖိုးနဲ့ အဖွား မင်္ဂလာ နှစ်ပတ်လည်တွေ ဘာတွေ ဖြစ်မှာပဲ ဆိုပြီး။ ဒါပေမဲ့ ဒီကနေ့လည်း အဲလိုပဲ ဆိုတော့ သူတို့ကို ကြည့်ရတာ အမြဲ အဲလိုပဲ ထင်မိတယ်။
နောက် တရုတ်အမျိုးသမီး စားပွဲထိုးနဲ့ ဘာတွေ ပြောနေမှန်း မသိ ပြောနေကြလေရဲ့။ ကျနော်လည်း ဟင်းခွက်တွေ ရှင်းပြနေတာဆို ကိုယ်လည်း ရှင်းပြတတ်အောင် အနားကပ်ပြီး နားထောင်တာ အကျင့်ရနေတော့ တစ်ချက်တစ်ချက် နားရွက်ထောင်ထောင် နေမိတာပေါ့။ ဒီတစ်ခါကတော့သူတို့ မှာထားတဲ့ အစားအသောက်တွေကို စားမကုန်လို့ အထုပ်ကြီးနဲ့ ထုပ်ခိုင်းနေတုန်း ဒီအတိုင်း ထွေရာလေးပါး ပြောနေကြတာပါ။ အဖွားကလည်း ပြုံးပြုံးရွှင်ရွှင်... အဖိုးကတော့ နည်းနည်း အော်အော် ပြောတတ်တယ်။ နားအနည်းငယ် စွမ်းအားလျော့နေပြီ ထင်ပါရဲ့။ အဖွားက ငယ်ပုံရတယ်။ အဖိုးထက်စာရင် နည်းနည်း နုသလို ထင်ရတယ်။ ကျနော်လည်း တစ်ဖက်မှာ စားပွဲကြီး သိမ်းနေတာနဲ့ တစ်ချက် တစ်ချက် လှည့်ကြည့်တာက လွဲလို့ အစောပိုင်း ပြောတာတွေ သွားနားမထောင် ဖြစ်ဘူး။ ဒါပေမဲ့ ကျနော့် စိတ်ထဲမှာ တကယ်လို့ ရိုင်းရာ မကျဘူးဆို သူတို့ စုံတွဲ အသက် ဘယ်လောက် ရှိပြီလဲ... အတူတူ ရှိနေကြတာ ဘယ်နှနှစ် ရှိပြီလဲလို့ သွားမေးချင်မိတယ်။ ဘာလို့လဲဆိုတော့ သူတို့ ကြည့်ရတာ သိပ်ပျော်စရာ ကောင်းလို့ပါ။
အခုလည်း ဟို တရုတ်အမျိုးသမီး ပြောတာကို အဖိုးက နှစ်ခါ ပြန်မေးရင် အဖွားက နားအနားကပ်ပြီး နောက်တစ်ခါ ထပ်ထပ် အော်ပေးရတယ်။ အဲလိုနဲ့ ကျနော်လည်း သိမ်းတာပြီးသွားလို့ စိတ်ဝင်စားတာနဲ့ ရပ်ပြီး နားထောင်နေတော့ သူ တရုတ်ပြည် သွားခဲ့ဖူးတဲ့ အကြောင်းကို ပြောပြတဲ့ အခန်း ရောက်နေတယ်... အဖိုးက သူ တရုတ်ပြည်ကို ၁၉၃၆ ခုနှစ်က အဖွားနဲ့ အတူ သွားခဲ့တယ်လို့ ဆိုတယ်။ ဒုတိယ ကမ္ဘာစစ်တောင် မဖြစ်ခင်က ဆိုတော့ တော်တော်လေးတောင် ကြာခဲ့ပြီပဲ။ နောက်ပြီးတော့ အဖွားလက်ကို ဆွဲပြီး... "ငါ သူနဲ့ ၇၃ နှစ်လုံး အတူတူ ရှိခဲ့ပြီးပြီ ဒါပေမဲ့ ငါ သူ့ကို ခုထိ ချစ်နေတုန်းပဲ..." လို့ ထုံးစံအတိုင်း အကျယ်ကြီး အော်ပြောတယ်။ အဖိုးကလည်း ပြုံးလို့... အဖွားကလည်း ပြုံးလို့...
သူတို့ ဘဝကို ကြည့်ပြီး ကျနော် တော်တော် သဘောကျမိတယ်။ အသက်ကို မမေးလိုက်ရပေမဲ့ ၁၉၃၆မှာ ချစ်သူ သို့မဟုတ် ဇနီးနဲ့ တရုတ်ပြည်ကို သွားလည်နေပြီ ဆိုတော့ အသက်က ၉၀ လောက်တော့ ပျော့ပျော့ ရှိလောက်ပါပြီ။ သူတို့မှာ ကျနော့်ထက် သုံးပြန်လောက် အသက်ကြီးတဲ့ ဖိနပ်တွေ၊ ကုတ်အင်္ကျီတွေတောင် ရှိနေလောက်တယ်။ :)
ဘဝမှာ အဲလို စုံတွဲအနေနဲ့ ဒီလောက် အကြာကြီး မကွဲပဲ အတူ နေနိုင်ဖို့ဆိုတာ မလွယ်ကူပါဘူး။ ကိုယ် မပျက်စီးရင်တောင် သူ ပျောက်ကွယ်သွားနိုင်ပါတယ်။ ဒီခေတ်ကြီးမှာ ရောဂါတွေကလည်း ပေါပါဘိနဲ့... အဲလောက်အထိ အသက်ရှင်နိုင်ခဲ့လည်း ဒီလို အရွယ်မှာ စားသောက်ဆိုင်ကို ကျန်းကျန်းမာမာ လာနိုင်ပြီး အတူတူ ထိုင်၊ ဝိုင်လေးသောက်ပြီး နေနိုင်ဖို့ဟာ ဗုဒ္ဓဘာသာ အလိုအရဆို နည်းတဲ့ ကုသိုလ်မှ မဟုတ်တာလို့ ပြောရမှာပါပဲ။ ကျနော့်ဘဝမှာ (အဲလောက်အထိ အသက်ရှည်မယ်လို့ မခန့်မှန်းသော်ငြားလည်း...) နောက်ဆုံး အချိန်လေးတွေကို အဲလိုမျိုး ဖြတ်သန်းရရင် ဘယ်လောက်များ ကောင်းလိုက်ပါ့မလဲလို့ တစ်ဆက်တည်း တွေးမိတယ်။