Monday, March 30, 2009

ပေါက်ပေါက်ရှာရှာ (၃)

ကဲ... အများသူငှာ မဲပေးထားကြတဲ့ ရလာဒ်များ ဖော်ပြဖို့အချိန် ရောက်ရှိလို့ လာပြန်ပါပြီခမျ။

ပထမဆုံး အနေနဲ့ အများသုံး အိမ်သာထဲက အထီးကျန် မြေဖြူခဲလေးနဲ့ ပတ်သက်လို့ အဖြေတွေကို ကြည့်ကြ ရအောင်။ စုစုပေါင်း မဲပေးကြတာ ၃၅ ယောက်ပါ။ ၃၅ ယောက်ထဲမှာ...
  • နံရံမှာ ပုံဆွဲမဲ့ သူက ၂ ယောက်ပါ။
  • စာတွေ လျှောက်ရေးမဲ့ လူကတော့ တစ်ယောက်တည်းပါ။
  • အံ့သြဖွယ်ကတော့ မကိုင်ချင်တဲ့ လူက အယောက် ၃၀ တိတိ ရှိပါတယ်။
  • သူ့ဟာသူ နေနေတာကို ကောက်ပြီး အိမ်သာတွင်းထဲ ပစ်ချချင်တဲ့ လူတွေကတော့ လက်ကျန် ၂ ယောက်ပါ။
အဲဒါပြီးတော့ အိုးထဲ ထည့်အပြုတ်ခံမဲ့ ဇာတ်လမ်းပေါ့။ စုစုပေါင်း ၃၁ ယောက် မဲပေးထားကြရာမှာ...
  • ကြက်သွန်နီက သုံးယောက်
  • ကြက်သွန်ဖြူက တစ်ယောက်
  • ငရုတ်သီးက နှစ်ယောက်
  • ကြက်ဟင်းခါးသီးက ၈ ယောက်
  • ကျန်တဲ့ ၁၇ ယောက်ကတော့ ပစ်ချွဲချွဲ ရုံးပတီသီးနဲ့ အပြုတ် ခံချင်ကြပါတယ်။
နောက်ဆုံး ရုပ်ရှင် သုံးကား ဘယ်ကားကြည့်မယ် ဆိုတာကိုတော့ အယောက် ၃၀က မဲပေးထားကြရာမှာ...
  • ကုလားကားနဲ့ ဥရောပ ကားက ပရိတ်သတ် ငါးယောက်စီ ရှိပြီး
  • မြန်မာကားကိုတော့ ကျန်တဲ့ လူ ၂၀ လုံးက အားပေးကြပါလိမ့်မယ်။
ဘာပဲပြောပြော ပြည်တွင်းဖြစ်ကို အားပေးကြတာတော့ ဝမ်းသာစရာပါပဲခမျ။ :)

ကဲ.. အပိုင်း (၃) အတွက် အောက်မှာ မဲပေးကြစေချင်ပါတယ်ခမျ။ ထုံးစံအတိုင်း နက်နက် နဲနဲ တွေချည်းပဲဗျို့။





Sunday, March 29, 2009

အမေရိကမှာ သုံးလ

ဘာလိုလိုနဲ့ အမေရိက ရောက်လာတာ သုံးလ ရှိပြီပေါ့။ ကျောင်းလည်း မတက်ရသေးဘူး။ အလုပ်ကတော့ သောကြာနဲ့ စနေ နှစ်ရက်၊ ကျောင်းမရှိပေမဲ့ အလုပ်ရှိတော့ တော်သေးတာပေါ့။ ဘာပဲပြောပြော လုပ်စရာလေး ရှိနေတော့ အဆင်ပြေတယ်။

လူတွေက ပြောကြတယ်။ ရောက်တုန်း တစ်နှစ်ပဲ။ နောက်နှစ်တွေကျ အဆင်ပြေသွားရောတဲ့။ အဲဒါကြားတော့ ဟို ရေချိုးကြောက်တဲ့ ကလေးလေး ပြောသလို... ပထမဆုံး တစ်ခွက်က အေးတယ်၊ နောက်ကျ နွေးသွားရော ဆိုတော့ ဒုတိယ ခွက်ကနေ စချိုးလို့ ရမလား လို့ပဲ ပြောချင်တော့တယ်။ နောက်နှစ်မှ လာခဲ့ရ ကောင်းသား လို့ပေါ့။ :D

ကျနော့် အနေနဲ့က ဘာမှ ပြဿနာ မရှိပါဘူး။ ရှိတဲ့ ပြဿနာက ဒီလိုဗျ...

ကျနော့်ဘဝမှာ လိုချင်တဲ့ အရာလေးတွေ ရှိခဲ့ဖူးတယ်။ သံသေတ္တာကြီးနဲ့ အပြည့် ထည့်ထားတဲ့ ရွှေဒင်္ဂါးတွေ လိုချင်တာတို့... အင်ဂျလီ နာဂျိုလီတို့ မွေးစားတာ ခံချင်တာတို့... ဂျော့ခ်ျဘုရှ် သမီးနှစ်ယောက်ထဲက တစ်ယောက်ယောက်နဲ့ တွဲဖို့... လို မဖြစ်နိုင်တာတွေလည်း မဟုတ်ပါဘူး။ ပိစိလေးတွေပါ။ ဥပမာ လောလောဆယ်ဆို ဂစ်တာလေး တစ်လက် လိုချင်တယ်။ ကျောင်း စတက်ချင်ပြီ။ ရှိခဲ့သမျှ ကွန်ပျူတာတွေ အားလုံးမှာ တစ်ခုမှ ဂရပ်ဖစ်ကတ် ကောင်းကောင်းလေး မပါလို့ ငါးနှစ်လောက် မဆော့ဖြစ်တဲ့ Generals (Zero Hour) ဆော့ချင်တယ်... အဲလို ပိစိလေးတွေပါပဲ။

အဲလိုပဲ လိုချင်တာထဲက တစ်ခုဆို ကျနော် မျှော်လင့်နေတာ ငါးနှစ်လောက်တောင် ရှိခဲ့ပါပြီ။ အဲလို သက်တမ်း ကြာလာတဲ့ နောက်ပိုင်း ကျနော် သတိထားမိတာ တစ်ခုရှိတယ်။ ကျနော့်အတွက်ဆို... လိုချင်တဲ့အရာဟာ လက်ထဲမှာ မရှိတာကြောင့် စိတ်ပင်ပမ်းရတာထက်၊ အဲဒီ လိုချင်တဲ့အရာကို ရကို ရရမယ် ဆိုပြီး အချိန် အကန့်အသတ်နဲ့ ကြိုးစားရတာဟာ ပိုပြီး အဆတစ်သန်းလောက် စိတ်ကို ပင်ပမ်းစေပါတယ်။

ဥပမာ... နောက်မှ အေးအေးဆေးဆေး လက်ထဲမှာ ငွေအပိုလေး ရှိမှ ဝယ်တဲ့ ဂစ်တာလေး တစ်လုံးကတော့ ဘာသံထွက်ထွက် နားထောင်လို့ နားဝင်ချိုနေတဲ့ ဂစ်တာလေး တစ်လက်ပေါ့။ နောက်လ အတွင်းမှာ ဂစ်တာ တစ်လုံး ဝယ်နိုင်အောင် လုပ်ကွာ ဆိုပြီး ကိုယ့်ဟာကိုယ်ဖြစ်ဖြစ်၊ သူများက ဖြစ်ဖြစ် ဖိအားတွေပေးလို့ မြန်မြန် ရလာတဲ့ ဂစ်တာကတော့ ရလာတာနဲ့ တံတွေး ထွေးပြီး ရိုက်ချိုးချင်စရာ ကောင်းတဲ့ ကျက်သရေတုံး ဂစ်တာလို့ ခေါ်မလားပဲ။ ကျနော့်စိတ်ထဲမှာတော့... "ဘာဖြစ်လဲ... အေးဆေးပေါ့ဗျာ..." ဘဝဟာ တစ်ဖက်က ကြည့်ရင် တိုတောင်းတယ် ဆိုပေမဲ့ တစ်ဖက်က ကြည့်တော့လည်း ရှည်လျားပါတယ်။ ရှည်လျား ထွေပြားတဲ့ ဘဝမှာ မနေမနား သွားနေရရင် မြန်မြန် မာလကီးယားဖို့ နီးတော့ ပိုလို့ တိုတောင်းသွားမှာပေါ့။

တိုတိုလေး ချုပ်ရရင်တော့ ဒီသုံးလဟာ တံတွေးနဲ့ ထွေးပြီး ရိုက်ချိုးချင်စရာ ကောင်းတဲ့ အရာတွေချည်းပဲလို့ပဲ ပြောရမယ်။ မရှိမဖြစ် လိုအပ်သည်လို့ ခေါင်းစဉ် တပ်ထားတာတွေ ပြည့်စုံအောင် ကြိုးစားနေကြရလို့ တစ်မိသားစုလုံး အင်မတန် အလုပ်များ နေခဲ့ကြတယ်။ အမေရိကမှာ ဒါက ပုံမှန်ပဲလို့ ပြောကြကြေးဆို ကျနော့် ဘဝမှာလည်း ကျနော့် အမေ ဒီလောက် အလုပ်ပိတာ တစ်သက်မှာ အမေရိက ရောက်တဲ့ အခုမှ မြင်ဖူးတယ်လို့ ပြန်ချေပရမှာပဲ။ ကျနော်ကတော့ မိဘတွေထက်၊ ကျောင်းတက်နေကြပြီ ဖြစ်တဲ့ အငယ် နှစ်ယောက်ထက် စာရင် တော်တော်လေးကို အားအားယားယား ရှိနေတယ်လို့ ဆိုရမယ်။ အလုပ်ကလည်း တစ်ပတ် နှစ်ရက်ပဲကိုး။ အဲဒါကလည်း ဒီလ အတွင်းမှ စတာပါ။

ဒါပေမဲ့ ကျနော် ဟိုဟာယူ၊ ဒီဟာယူ၊ ဟိုကတ်လုပ်၊ သည်ကတ်လုပ်၊ ဟိုဟာလုပ်တာသင်၊ ဒီဟာလုပ်တာက မတတ်ရင် မဖြစ်ဘူး လိုက်ကြည့်ထား ဆိုတာနဲ့ အလုပ်ရှုပ်နေတဲ့ ကိုယ့်ဟာကိုယ်ရော၊ တစ်အိမ်လုံးကိုရော ကြည့်ပြီး စိတ်ထဲမှာ အင်မတန်မှ မသိမသာ ဖိစီးနေခဲ့တယ်။ အခုဆို တစ်အိမ်လုံးဟာ လူချင်းဆုံရတဲ့ အချိန်က ညပိုင်းလေး လောက်ပဲ ဖြစ်နေတယ်။ ကျနော် တစ်ယောက်တည်း အိမ်မှာ ကျန်ခဲ့တာကတော့ အသားကျနေတာပါပဲ။ ဒါပေမဲ့ ကျနော့်စိတ်ထဲမှာ ဘာကြောင့် အဲလောက်အထိ အလုပ်များနေကြတာလဲ... ဘာလို့ ဘဝမှာ အရင်လို သက်တောင့်သက်သာ မနေနိုင်ကြတော့တာလဲ ဆိုတာကို ကိုယ့်ဟာကိုယ် မေးရင်း ခေါင်းထဲမှာ ကိုက်ကိုက်လာမိတယ်။

အခု ပုံမှန်လည်နေတဲ့ ကမ္ဘာကြီးက မြန်မြန်များ လည်ပတ်ရင် အားလုံး ကမောက်ကမ ဖြစ်ကုန်မယ် ဆိုသလိုပဲ အေးအေးဆေးဆေး လုပ်လေ့ရှိတဲ့ ကျနော့် ဘဝထဲမှာ အဲလို မြန်မြန် မြန်မြန်နဲ့ လောဘတကြီး လုပ်နေရတာတွေဟာ တော်တော်လေး ကမောက်ကမတွေ ဖြစ်လာတယ်။ ကံဆိုးရင် အမေရိကမှာ တစ်သက်လုံးတောင် နေသွားရမဲ့ ဘဝမှာ လုပ်စရာရှိတာတွေ အကုန်လုံးကို အခုတစ်လ နှစ်လ အတွင်း တွန်းလုပ်နေကြတော့ နောက်နှစ်တွေမှာ ဘာတွေ လုပ်ကြတော့မလဲ... ကျနော်ကတော့ ဂိမ်းဆော့လိုက်၊ အလုပ်သွားလိုက်၊ ကျောင်းတက်လိုက်၊ တခါတလေ အပြောင်းအလဲ ဖြစ်ချင်ရင်၊ ဆံပင်သွားညှပ်ခံလိုက် အဲလိုပဲ နေရတော့မယ် ခန့်မှန်းတာပဲ။ :D

ဒီရက်ပိုင်း အတွင်းဆို ကျနော် ဘယ်သူ့ကို ဒေါသထွက်ချင်မှန်း မသိ ဒေါသ ထွက်ချင်နေခဲ့တယ်။ ဘေးနားမှာ အသံ ဆူဆူ ညံ့ညံ့ ကြားတာနဲ့ နိုင်တဲ့လူတွေဆို အော်ငေါက်ချင်သလိုလိုနဲ့။ အမေ စိတ်ရှုပ်ရင် ဘာမှ မဆိုင်ပဲကို အပြောခံရတာမျိုး ကျနော်လည်း သဘောမကျတော့ အငယ် နှစ်ယောက်ကို ကိုယ်ချင်းစာပြီး စိတ်ထိန်းထားပါတယ်။ အဲဒီတော့လည်း စိတ်ထဲမှာ တစ်ယောက်တည်း ဒေါသတွေ ထွက်နေပြန်ရော... ဗြိတိန်က တယ်လီဖုန်း ရုံလေးလို ကိုယ့် ကွန်ပျူတာ နေရာလေးကိုပဲ လေးထောင့် နံရံလေးနဲ့ ကာပြီး သီးသန့် ထွက်နေချင်ခဲ့တယ်။ အဲဒါနဲ့ အာရုံကို စုထားလို့ရတဲ့ ဂိမ်းတွေ လှိမ့်ပိမ့်ဆော့တယ်။ ဒီရောက်ပြီး ကာလအတွင်း အခု မတ်ခ်ျလဟာ ကျနော် ဂိမ်း အဆော့ဖြစ်ဆုံး လပါပဲ။

ပြောချင်ရာ ပြောပြီး ရောက်ချင်ရာတွေ ရောက်တယ်ဗျာ... ကျနော်လည်း ဘာဖြစ်မှန်း မသိဘူး။ ကျနော် အတတ်နိုင်ဆုံး ကိုယ့်ဟာကိုယ် စဉ်းစားပြီး ကောက်ချက် ဆွဲတာကတော့ ဖိအား သိပ်များနေသလိုပဲ၊ အဲလိုပဲ ခံစားမိတယ်။ ကျနော်တို့ မိသားစုကို အကြံပေးတာတွေ၊ လုပ်သင့်တာတွေ ပြောပြတာတွေ၊ အမျိုးမျိုး အဆင်ပြေအောင် ကူညီကြတာတွေ အားလုံးကို ကျနော့် မိဘတွေက ကျေးဇူးတင်သလို၊ ကျနော်လည်း ထပ်တူ ထပ်မျှ ကျေးဇူးတင်တယ်။ တခြား တစ်ဖက်မှာလည်း... အများသူငှာ အမေရိကမှာ ရောက်ပြီး ဘယ်လောက်အကြာမှာ ဘယ်လို သူဌေးတွေဖြစ်၊ ဘယ်လို အိမ်ပိုင်တွေ ဝယ်နေကြပေမဲ့ ကျနော်ကတော့ အေးအေး ဆေးဆေးပဲ လုပ်ချင်မိတယ်။ အင်္ဂလိပ် စကားတောင် မြန်မြန် ပြောရင် နားမလည် သေးတဲ့ အချိန်မှာ မြန်ဆန်တဲ့ အမေရိကကို အသားကျပြီး သူတွေက ကျနော်တို့ကို ဖြစ်သင့်တာတွေကို လမ်းညွှန်တဲ့အခါ မြန်မြန်ကြီး မဟုတ်ပဲ နည်းနည်း နှေးပေးရင် သိပ်ကောင်းမှာပဲလို့ စိတ်ထဲမှာ တွေးမိပြန်တယ်။

တကယ်တော့ ကျနော် တစ်ယောက်တည်းပဲ အဲလို မြန်နေတယ်လို့ တွေးမိတာ ဖြစ်မှာပါ။ မိသားစုထဲက အခြားလူတွေကတော့ အဆင်ပြေပြေ ဖြတ်သန်းနေကြပုံ ပေါ်ပါတယ်လေ...

Thursday, March 26, 2009

ပေါက်ပေါက်ရှာရှာ (၂)

လွန်ခဲ့တဲ့ နံပတ် ၁ မှာ အခု ပို့စ် တင်တဲ့ အချိန်အထိ (ကျနော် မပါ) လူ ၂၇ ယောက် မဲပေးခဲ့ပါတယ်။
ဆင်နဲ့ တူတူ စီးချင်သူတွေက ၇ ယောက်။
တောဝက်နဲ့ စီးချင်သူက တစ်ယောက်မှ မရှိပါဘူး။
ဖြူကောင်နဲ့ အတူ စီးချင်တဲ့ လူကတော့ ရှားရှားပါးပါး နှစ်ယောက် ရှိပါတယ်။
မျောက်ကိုတော့ ၁၁ ယောက်တောင် ချစ်ကြတယ်။ :D
ငှက်ကုလားအုပ်နဲ့ ဆင်နဲ့ ၇ ယောက်စီ ပြိုင်တူ မဲပေးထား ကြပါတယ်။

တကယ်တမ်းတော့ ဆင်နဲ့ တူတူစီးမယ်ဆို အနည်းဆုံး ဆင်ချေးပုံအတွက် နေရာ၊ ဆင်အတွက် နေရာနဲ့ဆို ကိုယ်ထိုင်ဖို့ ဘယ်လောက်ပဲ ကျန်တော့မလဲတော့ မသိဘူး။ တောဝက်နဲ့ စီးတာကတော့ စိတ်ဝင်စားစရာ ကောင်းပါတယ်။ တောဝက်အနေနဲ့ ပက်ဖို့ရာ အရှိုန်နဲ့ ပြေးလာဖို့ ကားထဲမှာ နေရာမရှိပါဘူး။ အဲဒါဆို ဘယ်လို ဖြစ်မလဲ မသိပါဘူး။ ဖြူကောင်နဲ့ စီးချင်တဲ့ လူတွေကတော့ အစားစားထားပြီးစမို့ သွားကြားထိုးချင် ကြတာလား... ဒါမှမဟုတ် တခါမှ အပြင်မှာ မမြင်ဖူးလို့ပဲ ဗဟုသုတ ရအောင် အတူ စီးချင်လို့လားတော့ မသိဘူး။ ဆူးတစ်ချက် ခါလိုက်ရင်တော့ မျက်လုံး နှစ်လုံး အကောင်းအတိုင်းနဲ့ ပြန်ထွက်လာနိုင်ပါစေလို့ အဲဒီ နှစ်ယောက်ကို ဆုတောင်းပေးရမှာပဲ။ :D မျောက်နဲ့ကတော့ ဟိုကိုင် သည်ကိုင် ဟိုကလိ သည်ကလိနဲ့ဆို စိတ်ရှုပ်တတ်တဲ့ လူတွေအတွက်တော့ ရှုပ်ပြီး ပျော်တတ်တဲ့ လူတွေအတွက်တော့ ပျော်စရာ ကောင်းမှာပါပဲ။ ကျနော်သာ ဆိုရင်တော့ ငှက်ကုလားအုပ်နဲ့ပဲ အတူ စီးဖြစ်မယ် ထင်ပါတယ်။ အနီးကပ် မမြင်ဖူးတာလဲ ပါတယ်။ ကျန်တဲ့ သတ္တဝါတွေထက် စာရင် မဆိုးဘူးလို့ မြင်လို့ပေါ့။

ဒါကတော့ မဲပေးထားတဲ့ အထဲက နှစ်ယောက် ရေးသွားခဲ့တဲ့ အမြင်တွေပါ။

Blogger ယောနသံစင်ရော် said...

တို့ကတော့ ဆင်နဲ့ပဲထိုင်မယ်.. ကျပ်ကျပ်တည်းတည်းဖြစ်လည်းကိစ္စမရှိပါဘူး..

တောဝက်ကိုတော့ အစွယ်နဲ့ပက်မှာစိုးတယ်.. နောက်ပြီးသူ့ကိုယ်က နံနေရင်သေရော။

ဖြူကောင်က စိတ်မထင်လို့သူ့ဆူးတွေကိုခါလိုက်မှဖြင့် မျက်စိကိုတက်မှန်မှာစိုးတယ်။

မျောက်ကျတော့ တသက်လုံးမငြိမ်တဲ့ကောင်.. သူနဲ့များတွဲစီးရရင်..မူးတာနဲ့သေသွားနိုင်တယ်။

ဌက်ကုလားအုပ်ကြပြန်တော့လည်း ခန္ဓာကိုယ်က အချိုးအစား မကျဘူး.. သူ့ခြေထောက် တွေကိုရှောင် နေရဦးမယ်။

March 25, 2009 11:27 PM

Delete

Blogger မိုးခါး said...

အင်း ဆင်နဲ့ပဲထိုင်မယ် .. ယောနသံစင်ရော်ပြောသလိုပဲ စိုးရိမ်လို့ :D .. ပြီးတော့ ကိုယ်တိုင်ကလည်း ဆင်ပဲဆိုတော့ :D

ကဲ... နံပတ် ၂ ကျရင်တော့ နည်းနည်း ခက်ခက်ခဲခဲ မဲပေးဖို့ သုံးခု ထားမယ်။ တကယ် နက်နဲတဲ့ မေးခွန်းတွေ ဆိုတော့ မဲပေးခါနီးမှာ အတော်လေးကို စဉ်းစားနေရမှာတော့ အားနာပါတယ်ဗျာ...






Monday, March 23, 2009

ပေါက်ပေါက်ရှာရှာ (၁)

ဘာရယ်မဟုတ်ပါဘူး။ စဉ်းစားပုံ စဉ်းစားနည်းတွေ သိချင်လို့ပါ။ အမြင်တွေဟာ တစ်ယောက်နဲ့ တစ်ယောက် မတူကြသလို ပြဿနာတွေကို ဖြေရှင်းရာမှာလည်း မတူညီ ခြားနားကြနိုင်ပါတယ်။ တချို့ အမြင်တွေကတော့ သူများက အူကြောင်ကြောင်လို့ ထင်ပေမဲ့ သူတို့ အကြောင်းပြချက်နဲ့ သူတို့တော့ မှန်ကန်နေတတ် ပြန်ပါတယ်။ အဲဒါကြောင့် စိတ်ပါဝင်စားလို့ မဲလေး ပေးပြီးနောက် အပန်းမကြီးရင် ဘာကြောင့် ဆိုတာလေး Comment ပေးသွားကြ စေချင်ပါတယ်။ :)


Friday, March 20, 2009

သံသာ ဟစ်ကြွေး သီဆို တောင်းသူတေး

ဒီနေ့ တကယ် စိတ်ထဲ ထိစေတဲ့ ဗီဒီယို တစ်ခု Youtube မှာ ကြည့်လိုက်မိတယ်။

ကျနော့် ဘ၀မှာ တစ်ယောက်ယောက်ကများ အခုချက်ချင်း အလုပ်တစ်ခုခု ထလုပ်ပြီး ငွေရှာစမ်းဆို ကျနော် ချက်ချင်း ထလုပ်နိုင်တဲ့ အလုပ် တစ်ခုသာ ရှိပါတယ်။ ဂစ်တာလေး ယူပြီး လမ်းပေါ်မှာ သီချင်းနဲ့ ဖျော်ဖြေမှာပါပဲ။ အဲဒါဟာ ကျနော် သဘောကျတဲ့ အလုပ် တစ်ခုလည်း ဖြစ်ပါတယ်။ ကိုယ်တီးတာက အဆင့်မမီသေးတော့ တစ်ခါမှတော့ မစမ်းကြည့်ရသေးဘူး။ အခု ဒီမှာ ရာသီဥတုကလည်း အေးနေပြီး ဂစ်တာလည်း မရှိသေးတော့ မလုပ်ဖြစ်ဘူး။ အသံကလည်း ချောင်းတွေဆိုးလို့ တစ်မျိုးကြီး ဖြစ်နေတယ်။ နှာခေါင်းပါ ပိတ်လိုက်တော့ ပိုဆိုးတာပေါ့...

အင်း ပြောချင်တာကို အခုမှ ရောက်တော့မယ်။ မြန်မာပြည်က လမ်းဘေး ဖျော်ဖြေမှုလေး တစ်ခုပါ။ အရမ်းကို ကောင်းလွန်းလို့ America's got talent လို ရှိုးမျိုးတွေ ဝင်ပြိုင်တောင် ဆုရမှာပဲလို့ ထင်မိတယ်။ အဲလို တကယ် ပါရမီ ရှိတဲ့ လူတွေကို မြေတောင် မြှောက်ပေးမဲ့လူ ပေါ်လာနိုင်ရင် သိပ်ကောင်းမှာပဲလို့ စိတ်ထဲမယ် တွေးမိတယ်။




Tuesday, March 17, 2009

စည်းကမ်းဖောက်တဲ့ လူ

Photo: from here!

ငယ်ငယ်တုန်းက အဖိုးနဲ့ အတူ စမ်းချောင်းလေးမှာ လှေလွှတ်ခဲ့ ကြတာကို သတိရမိတယ်။ လှေလေးကို လွှတ်လိုက်တော့ လေမတိုက်ပေမဲ့ မြန်မြန်ပဲ စီးဆင်းသွားတယ်။ အဲလိုနဲ့ ထုံးစံအတိုင်း ခြေထောက်ကို ရေမှာ နှစ်ပြီး ကျောက်စရစ်ခဲ တွေကို ဖွလိုက်တော့ သဲလုံးတွေ တက်လာပြီး ရေလည်း နောက်သွားတယ်။ အဖိုးက စက္ကူလှေလေးကို လှမ်းကြည့်နေရင်း... "ဖိုးဖိုးငယ်ငယ်ကဆို ခဏခဏ လှေစီးဖူးတယ်ကွ။ လှုပ်လှုပ် လှုပ်လှုပ်နဲ့ ပျော်ဖို့တော့ ကောင်းတယ်။ ဒါပေမဲ့ လူဆိုတာ ကမ်းပေါ်မှာပဲ နေဖို့ သတ်မှတ်ထားတဲ့ သတ္တ၀ါပဲ ငါ့မြေးရ... လူဖြစ်ရဲ့သားနဲ့ စည်းကမ်းဖောက်ပြီး လေထဲပျံဖို့ ကြိုးစားရင်၊ ဒါမှမဟုတ် ရေထဲသွားဖို့ ကြိုးစားရင် ဒုက္ခ ရောက်တတ်တယ်..." လို့ လှမ်းပြောခဲ့ဖူးတယ်။

အဖိုးပြောခဲ့ဖူးတာ သတိရပြီး နည်းနည်းလေး ပြုံးချင်မိတာ နှုတ်ခမ်းက ကွဲနေတဲ့ နေရာတွေ စပ်တော့ အသိထဲ ရေငတ်တာက ပြန်ဝင်လာပြန်တယ်။ အစကတည်းက မချိပြုံးဆိုတော့ တစ်ဝက်နဲ့ အပြုံးရပ်သွားတာ ကိစ္စတော့ သိပ်မရှိပါဘူးလေ။ ဒါပေမဲ့ ရေငတ်နေတာကို မေ့ထားဦးမှပဲ။ ခေါင်းပေါ်ကို နေရောင်ချည်တွေက ရေနွေးပူ ဖွင့်ထားတဲ့ ရေပန်းအောက်ထဲ ၀င်နေရသလို တရွှီရွှီနဲ့ ဖွာပြီး ခေါင်းပေါ်ကျနေတယ်။

နှုတ်ခမ်း ကွဲတဲ့နေရာကို လျှာနဲ့ လျက်လိုက်တော့ လျှာကလည်း ခြောက်နေတယ်။ အာမထိ ရှာမထိ ဖြစ်တယ် ဆိုတာ အဲလိုကြီးလားတော့ မသိဘူး။ ပါးစပ်ထဲမှာ လျှာဟာ ရှိလို့ ရှိနေမှန်းတောင် မသိရလောက်အောင်ပဲ ခြောက်သယောင်း နေလေရဲ့။ ဟေမာနဲ့ အတူတူ သောက်ခဲ့ကြတဲ့ ချောကလက်ရည်ကို ပြန်သတိရတယ်။ အဲဒီတုန်းကဆို အရည်ထက်စာရင် အမြှုပ်တွေချည်း များနေပြီး သောက်လို့လည်း မဝတဲ့အပြင် ဈေးကလည်း ကြီးသေးတော့ ဆိုင်ကိုတောင် စောဒက တက်ချင်မိခဲ့သေးတယ်။ ဒါပေမဲ့ အခုနေသာ အဲဒီတုန်းက ဈေးထက် ငါးဆနဲ့ လာရောင်း ရင်တောင် ၀ယ်သောက်မိမယ် ထင်တယ်။ ဒါပေမဲ့ ပိုက်ဆံတွေလည်း ပျောက်ကုန်ပြီ ထင်ပါတယ်။ ပိုက်ဆံတွေ အိတ်ကပ်ထဲ ရှိသေးတယ် ဆိုရင်တောင် လက်မလွှတ်ရဲတာနဲ့ သောက်ရတော့မယ် မထင်ပါဘူး။

ဟေမာ့ကို သွားခိုးတဲ့ ညတုန်းကလည်း ဒီလို အကြီးအကျယ် ရေငတ်သလို ခံစားဖူးတယ်။ အဲဒီတုန်းကတော့ စိတ်နဲ့ ဆိုင်မယ်ထင်တယ်။ ညတွင်းချင်း ရဲဇော်တို့ရဲ့ သန်လျင်က အိမ်ကို မောင်းတာ သိပ်မဝေးပေမဲ့ နောက်က သိပြီး လိုက်လာမှာစိုးလို့ တစ်လမ်းလုံး စိတ်တွေပူပြီး အာခေါင်တွေ ခြောက်ကပ်ကပ် ဖြစ်နေခဲ့ဖူးလေရဲ့။ ဟေမာကတော့ ပခုံးကို မှီထားတယ်။ သူလည်း ရေငတ်နေခဲ့မယ် ထင်ပါရဲ့လေ။ လေးရက်ကြာမှ ဟေမာ့ကို ပြန်အပ်ဖို့ ပြန်လာရင်း အဖေတို့ အမေတို့နဲ့ အဖိုးကို ပြန်ကန်တော့တယ်။

ပညာရေး ဆုံးခန်းမတိုင်ခင်မှာ ဆိုတော့ အဖေကလည်း မျက်နှာ ခပ်တင်းတင်းနဲ့ပေါ့။ အမေကလည်း ပုဝါနဲ့ မျက်လုံးကို ဟိုတို့ သည်တို့နဲ့... အဖိုးကတော့ ထုံးစံအတိုင်း ပြေရာပြေကြောင်းပဲ... "အေး... ငါ့မြေး... မင်း ငယ်ငယ်လေးတုန်းက မတ်တပ်ရပ်ပြီး လမ်းလျှောက် ကျင့်သလိုမျိုးပေါ့ကွာ... အဲဒီတုန်းကလည်း မင်းကို အဲလို လမ်းထလျှောက်ဖို့ ဘယ်သူကမှ ပြောခဲ့ကြတာ မဟုတ်ဘူး။ မင်းဟာမင်း အလိုလို သိခဲ့တာပါပဲ။ အခုလည်း မင်းဘ၀နဲ့ မင်း ရပ်တည်သင့်တဲ့ အချိန်ဆိုတာ ကိုယ့်ဟာကိုယ် သိလို့ အဲလို လုပ်တာလို့ ဖိုးဖိုး ယူဆတယ်ကွာ" လို့ ပြောခဲ့တယ်။ အဲဒီတုန်းကတော့ ရေငတ်သလို မဟုတ်ပဲ ရင်ထဲ ပူလာသလို ခံစားမိလိုက်တယ်။ တကယ်တော့ အဖိုး ပြောခဲ့သလို သူများ ပြောတာမဟုတ်ပဲ ကိုယ့်ဟာကိုယ် ရင်ထဲက သိလို့ လုပ်တာကပဲ မှန်တယ် ထင်တာပါပဲ။

ရင်ပူတဲ့ အကြောင်းကို အတွေးက ရောက်သွားတော့ ပူနေတဲ့ ရင်ဟာ ပိုပို ပူလာပြန်တယ်။ တခါတလေတော့ ရင်ဟာ အထဲက ပူတာလား အပြင်က ပူတာလား ဆိုတာကို မတွေးမိတော့ဘူး။ အပြင် ကလည်း ပူ၊ အတွင်း ကလည်း ပူပေါ့။ ကြေးအိုးထဲမှာ ထည့်ပြုတ်ထားတဲ့ ဝက်သားဖတ် လိုပဲ ခံစားရမယ် ထင်မိတယ်။ ဗိုက်က ဆာတော့ အစားအသောက်တွေ သတိရပြန်တယ်။ ဟေမာက အပျိုတုန်းကတည်းက ကြေးအိုး အရမ်း ကြိုက်တယ် ဆိုတော့ အိမ်ထောင်ကျပြီး စားချင်တော့ မတားရက်ပြန်ဘူး။ ဈေးကလည်း တက်တက်လာတော့ တခါတလေတော့ မသထာတာ မဟုတ်ပေမဲ့ စိတ်ထဲ တစ်မျိုးဖြစ်မိတာတော့ အမှန်ပဲ။

နောက်ဆုံး ဘယ်လိုမှ အဆင်မပြေပဲ အလုပ်လည်း မရ၊ ပညာရေးလည်း ရှေ့မဆက်နိုင်၊ ပစ္စည်းလေးလည်း ကုန် ဖြစ်လာတဲ့ အခါမှာတော့ သီတင်းကျွတ် ယောက္ခမကြီးတို့ဆီ ဘီစကစ် မုန့်ပုံးလေးနဲ့ အသွားမှာ ခေါင်းချင်း ရိုက်ကြတယ်။ ဒီလိုနဲ့ ရွှေသမက်အတွက် တစ်သက်တာ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်ကြီး ပေါ်ထွက်လာခဲ့တယ်။ တကယ်တော့ ယောက္ခမတွေ ပြန်ပေးလိုက်တာတွေ၊ စီစဉ်နေကြတာတွေနဲ့ဟာ ကျနော်တို့ ကန်တော့တဲ့ မုန့်ပုံးလေးခမျာ ဘာမှ ထူးထူးခြားခြား အရေးမပါခဲ့ပါဘူး။ ဒါပေမဲ့ ထူးထူးခြားခြား အဲဒီနေ့က စားခဲ့ရတဲ့ ၀က်သားဟင်းကို သတိရလိုက်တာ။ တကယ်တော့ သောက်ခဲ့ရတဲ့ ဘူးသီးဟင်းခါး လေးကို ပိုတောင် သတိရသေးတယ်... ဗိုက်ဆာနေလို့လားတော့ မသိဘူး။

ဘူးသီးဟင်းခါး မသောက်ရသေးခင် ပခက်လွှဲသလို ဖြစ်လာပြန်ပြီ။ နောက်တစ်ခါ ထပ်အန်ဖို့ ကျန်သေးတယ် ဆိုရင်တော့ ကိုယ်ဟာကိုယ် တော်တော်လေး ချီးကျူးရမယ်။ ဒီတစ်ခါကတော့ ဗိုက်ဆာလို့ မူးတာပဲ ဖြစ်ပါလိမ့်မယ်။ ရေငတ်ရင် ခေါင်းမူးတတ်သလား ဆိုတာတော့ ရေကတော့ အခု တစ်ခါက လွဲရင် အရင်က တစ်ခါမှ မငတ်ဖူးတော့ မသိဘူး။ နှုတ်ခမ်းက ကွဲနေတာတွေ စပ်နေတုန်းမို့ ကိုယ်ကို နည်းနည်းလေး ရို့ပြီး ပါးစပ်နဲ့ ရေနဲ့ ထိအောင် တို့လိုက်တော့မှ အကျောပေါင်း တစ်ထောင် စိမ့်သွားတယ် ဆိုရမယ်။ ဒါဏ်ရာကို ဆားပက်ရင် ဘယ့်နှယ့်နေမယ် ဆိုတာ လက်တွေ့ သိရသလိုပဲ။

မှတ်မှတ်ရရ ယောက္ခမကြီးက သဘောင်္တက်ဖို့ ကိစ္စ ပြောထားပြီး နောက်နေ့ပဲ ကျောင်းတုန်းက သူငယ်ချင်းတွေ ပြန်တွေ့ကြတယ်။ ကျော်ဇောက ဆေးခန်းထိုင်ရဦးမှာမို့ စောစောပြန်သွားတယ်၊ ဟိုကောင် အာပြဲ နေထက်ကတော့ စတူဒီယို သွားရဦးမယ်ဆိုပြီး ပြန်သွားပြန်ရော ကျန်တဲ့ ကောင်တွေက ဆက်ထိုင်နေကြပြီး ဝိုင်းသိမ်းမှ တစ်ယောက်တစ်လှည့် သူရှင်းမယ် ငါရှင်းမယ် ဖြစ်ကြလေရဲ့။ နောက်ဆုံး အရှည်ကြီး ထွန်းပိုင်က ထောင်တန် အထုပ်ကြီးကို ဘုတ် ခနဲ စားပွဲလယ် ပစ်ချလိုက်မှ ငြိမ်သွားတော့တယ်။ ဒီကောင်တွေကို အားကျမိတယ်။ အဲဒါဟာလည်း အဖိုးပြောတဲ့ စည်းကမ်းကို ဖောက်မိဖို့ အားပေးခဲ့တယ် ထင်ပါတယ်။ ဘာပဲပြောပြော သူငယ်ချင်းတွေ အလယ်မှာ ခေါင်းလေး ထောင်ချင်သေးတာကိုး။ ကိုယ့်ဟာကိုယ် စိတ်ထဲမှာ ပါလာလို့ မဟုတ်ပဲ သူများအားပေးတဲ့ ကိစ္စကို လုပ်ရမှာဆိုတော့ စိတ်ထဲမှာ သိပ်တော့ အားမရလှပါဘူး။

အဲဒီတုန်းက အခေါက်ကင် နောက်ဆုံးပွဲမှာ အဖတ် နည်းနည်း ကျန်တာကို ပိုက်ဆံရှင်းပြီး ဒီအတိုင်းပဲ ချန်ထားခဲ့မိတယ်။ အခုမှ နှမြော နေပြန်တယ်။ အခေါက်ကင်လေးနဲ့ အခုနေသာ ထမင်းစား၊ ပြီးရင် ဆေးလိပ်လေး သောက်ပြီး ပက်လက် ကုလားထိုင်မှာ မှိန်းလိုက်ရရင်။ အင်း... ဆေးလိပ် မသောက်ရ တာတောင် အတော်ကြာ နေပြီလိုပဲ။ အခုတော့ ကျန်သေးရင်တောင် ရေစိုကုန်ရောပေါ့။ အင်း... အိတ်ထဲမှာ ကျန်တော့ မကျန်တော့ပါဘူး။ ဒီမနက်က ဟို အင်ဒိုကောင် တောင်းလို့ လက်ကျန် ဆေးလိပ်လေး ပေးလိုက်မိတယ် ထင်တယ်။

မျက်လုံးထဲမှာတော့ ဆေးလိပ်ငွေ့တွေ ပျံဝဲနေတာကို မြင်နေရတယ်။ အဲလိုနဲ့ ဆေးလိပ်ရှိုက်ပြီး မှုတ်ထုတ်လိုက် သလို နှုတ်ခမ်းက ဟန်ပါပါနဲ့ ဖြစ်လာတယ်။ အခုမှ နည်းနည်းလေး စိတ်ထဲ သက်သာသွားတယ်။ ဒါနဲ့... ဆေးလိပ် မီးခိုးကို မြင်သလိုပဲ တံလျှပ်တစ်ခုကို မြင်နေတာလား။ ဘာလေးပါလိမ့်။ မဲမဲ မဲမဲလေးတစ်ခု နီးနီး လာတယ်။ အဲဒါနဲ့ သေချာ ဂရုစိုက် ကြည့်မိတယ်။

ဘ၀မှာ ဒီလောက် လှတဲ့ စက်လှေလေး တစ်ခါမှ မတွေ့ဖူးသလိုပဲ။ လက်တစ်ဖက်ကို သတိ အကြီးအကျယ် ထားပြီး ရမ်းရမ်း လှုပ်နေရင်းနဲ့ကို အော်ဟစ်မိတယ်။ ရမ်းသာ ရမ်းနေတာ လက်ကို နည်းနည်းလေး ထောင်ထားဖို့ပဲ တတ်နိုင်ပါတော့တယ်။ ရမ်းတာက လက်က လှုပ်ရော လှုပ်ရဲ့လားလည်း မသိတော့ပါဘူး။ အော်နေတာကလည်း အသံက ဝင်နေသလားမသိဘူး... အက်အက်ကြီးပဲ ထွက်တယ်။ အင်္ဂလိပ်လိုတွေရော၊ မြန်မာလိုတွေ့ရော စုံနေတာပဲ။ ဒါပေမဲ့ ကိုယ့်ဟာကိုယ်တောင် ဘာအော်လို့ အော်နေမိမှန်းမသိဘူး။ ကယ်ကြပါလို့ အော်နေမိမှာပေါ့။ ဖြစ်နိုင်တာကတော့ ဖိုးဖိုးရေလို့ အော်ခေါ်နေ မိတာလည်း ဖြစ်နိုင်တယ်။ စက္ကူလှေလေးကို ပြန်သတိရတယ်။ ဟေမာရေ လို့တော့ မအော်ဖြစ်လောက်ဘူး။

အခုလို ဖြစ်နေတာဆို ဖိုးဖိုးသာမြင်ရင် ဘာများပြောလေမလဲ လို့ စဉ်းစားဖို့ အချိန်မရှိတဲ့ ကြားက ခေါင်းထဲ ၀င်လာမိသေးရဲ့။ အခုမှ နောင်တရလို့ မထူးဘူး ငါ့မြေးလို့ပဲ ပြောမှာ ဖြစ်ဖို့များပါတယ်။ အဲလိုနဲ့ ပြုံးဖျဲဖျဲနဲ့ ထပ်အော်မိပြန်တယ်။

လှေက ကျနော့်နဲ့ တဖြည်းဖြည်း နီးလာသလိုပဲ စက်သံတွေ ကြားကြားနေရတယ်။ ဆေးလိပ် သောက်ချင်တဲ့ အချိန်မှာ ဆေးလိပ် မီးခိုးလုံးတွေ မြင်လာရ သလိုပဲ ကျနော်က စက်လှေလေးကို အနားလာစေချင်လို့ နားထဲမှာ ပိုပို နီးလာသလို ခံစားနေရလားတော့ မသိဘူး။ စိတ်ပျော်လွန်းပြီး လက်နှစ်ဖက်လုံးကို လွှတ်ပြီး အော်ဟစ်မိတယ်။ အဲဒီအခါမှာပဲ ဇွပ်ကနဲ့ အောက်ကို ပါသွားပြီး နှာခေါင်းထဲ ရေတွေ စုပြုံဝင်လာတယ်။ အော်ရင်း အော်ရင်းနဲ့ ဆိုတော့ ပါးစပ်ကလည်း ရေထဲကို ရောက်သွားရင် ဂလု ဂလုနဲ့ ရေတွေ စုပြုံဝင်တယ်၊ ရေနဲ့ လေ အစပ်ရောက်ရင် ဖလူး ဖလူးနဲ့ ထွက်လာပြီး ရေပေါ်ရောက်မှ ဘာမှန်းမသိတဲ့ အသံက ထွက်ထွက် လာတယ်။ ကြိုးစားပမ်းစား လက်ကို ရမ်းမှ တိုင်ကီကို ပြန်ကိုင်မိတယ်။ ရေငန်တွေက သိပ်မွှန်တာပဲ။

ဒီလိုနဲ့ သမုဒ္ဒရာ ရေပြင် အစပ်နားနဲ့ နေလုံးအောက်ခြေဟာ မိုးကုပ်စက်ဝိုင်း တစ်ဖက်အစွန်းကို ထိတော့မယ်။ ဘေးကုပ်စက်ဝိုင်းပေါ်အထိ ချီလာခံရတဲ့ ဘောလုံး တစ်လုံးလို ဂိုးထဲ ၀င်တော့မဲ့ စိတ်ခံစားမှုနဲ့ ပျော်ပျော်ကြီး အော်ဟစ်နေ ရင်းနဲ့ပဲ စက်လှေလေးက ဝေး၊ ဝေးသွားတယ်။ အခုတော့ တိုင်တန်းနစ် ဇာတ်ကားထဲက မင်းသားလေးလို ကျနော် သမုဒ္ဒရာ ကြမ်းပြင်ကို ဖြည်းဖြည်းလေး ပြုတ်ကျသွားမှာကို စောင့်ကြည့်မဲ့လူ မရှိပါဘူး။ ဇနက္က မင်းသား မဟုတ်တဲ့အတွက် မဏိမေခလာလည်း မရှိပါဘူး။ မျှော်လင့်ချက် မဲ့လည်း စိတ်က ဆောင်နေတော့ ကျနော် ဒီတိုင်ကီလေးကို ဆက်ပြီး ဖက်တွယ်ထားရမှာပါပဲ။

ဆာနေတဲ့ ဗိုက်နဲ့ ခြောက်နေတဲ့ နှုတ်ခမ်းဟာလည်း ထုံးစံအတိုင်း မဆုံးနိုင်တော့တဲ့ အတွေးတွေထဲမှာ နစ်မြုပ်သွားပြန်တယ်။ ဒီလိုနဲ့ နေက တဖြည်းဖြည်း ၀င်လာသလို တိုင်ကီပုံးလေးကိုလည်း တအိအိနဲ့ လှိုင်းလုံးတွေက ချော့သိပ် နေကြလေရဲ့။

Monday, March 16, 2009

အံ့သြ ကုန်နိုင်ဖွယ်မရှိ...

ဒေါ်တူးတူးသာ တက်ဂ်ထားတာလေး မရေးဖြစ်သေးခင် အံ့သြကုန်နိုင်ဖွယ် မရှိလောက်အောင် ကျနော့်မှာ ပါးစပ် အဟောင်းသား ဖြစ်သွားရတဲ့ စံချိန် တစ်ခုကို ပြောပြချင်ပါတယ်။

ကျနော် ဒီကနေ့ ကျနော့် G-mail ထဲမှာ forwarded mail တစ်ခုကို လက်ခံ ရရှိပါတယ်။ ခေါင်းစဉ်ကတော့ "ကမ္ဘာ့ ဆိုးရွားယုတ်မာ ရက်စက်ဆုံး မုဒိမ်းမှုနှင့် လူကုန်ကူးမှုဒဏ်ကို မြန်မာနှင့် မွန်မလေးများ ခံစားနေရ" ဆိုတာပါ။ ဒီလို ကိစ္စမျိုးကတော့ နောက်ဆုံးကျ ဘာပဲဖြစ်ဖြစ် ဘုရားသခင် ဖန်ဆင်းတာပဲ ဆိုသလို စစ်အာဏာရှင်ကြောင့် ဒီလို ဖြစ်နေရတယ် ဆိုတာပဲ ရောက်လာမဲ့ ကိစ္စမို့ ကျနော့်မှာ သိပ် စိတ်ဝင်စားမှု မရှိပါဘူး။

ဒါပေမဲ့ သိပ် တောက်ကျိုးနဲ အံ့ချီးဖွယ်ရာ အချက်ကတော့ အဲဒီမေးလ်ဟာ လူ ၂၁ ယောက် တိတိက အဆင့်ဆင့် Forward လုပ်ပြီး ကျနော့်ဆီ ရောက်လာခဲ့တာ ဖြစ်ပါတယ်။ To ဆိုတဲ့ နေရာမှာ တန်းစီ ပေးပို့ထားတဲ့ လူဦးရေဟာ တကယ်လို့ ခများတို့ အိပ်ငိုက်တယ်ဆို စိတ်ထဲမှာ သိုးတွေကို ခြံစည်းရိုး ခုန်ကျော်ခိုင်းပြီး မရေနဲ့... အဲဒီ နာမည်တွေကိုသာရေ... တစ်ဝက် မကျိုးခင် အိပ်ပျော် သွားပါလိမ့်မယ်။ ၂၁ယောက် ဆက်တိုက် ပို့တာကို လက်ခံရရှိတဲ့ ကျနော့် စံချိန်ကို ခဏ ထားလိုက်ပါ။ အဲဒီ ပို့ကြတဲ့ ၂၁ ယောက်ထဲက to ဆိုတဲ့ နေရာမှာ နာမည်တွေ အများဆုံး ထည့်ပြီး ပို့နိုင်တဲ့ အများဆုံး ပို့နိုင်တဲ့ စံချိန် အသေးတစ်ခုမှာ... စုစုပေါင်း အီးမေးလ် ၁၄၅ ခု တိတိကို ပို့ထားနိုင်တာ တွေ့ရပါတယ်။

ဒါတောင် ကျနော် တွေ့သမျှ @ သင်္ကေတလေးတွေပဲ ရေသွားတာ မျက်စိကြောင်လို့ ကျန်ခဲ့တာ ရှိကောင်း ရှိပါလိမ့်မယ်။ သူတို့ ပို့လိုက်တဲ့ စာလေးကို ဖတ်ရဖို့ ဟိုး အဝီစိရောက်တဲ့အထိ ကျနော့် ကွန်ပျူတာကြွက်ရဲ့ ကျောကုန်းက စက်သီးလေးကို လှည့်ပြီး ဆင်းခဲ့ရပါတယ်။

ဒီလိုနဲ့ မောင်ထူးမြတ် အင်တာနက်ပေါ် အချိန်ပြည့်နီးပါး ရှိခဲ့တဲ့ သုံးနှစ်နီးနီး သက်တမ်းမှာ...
လူ ၂၁ ယောက် အဆင့်ဆင့် forward လုပ်ထားပြီး၊ ၂၁ ယောက်ထဲမှာ တစ်ယောက်ဟာ ၁၄၅ ယောက် တိတိကို ဆက်ပို့ထားတဲ့ မေးလ်ကို ဒီကနေ့ မတ်လ ၁၇ ရက်နေ့မှာ လက်ခံရရှိပါတယ်လို့ စံချိန်ကို မှတ်တမ်းတင်ပါတယ်။

Saturday, March 14, 2009

တစ်ချိန်တုန်းက ဒုက္ခ အခုတော့ ဟာသ

စာဆိုတော် သံလျင်မယ်တော်ကြီး ဒေါ်တူးတူးသာ ရာဇ၀င်တော် အတိုင်း လက်ဆင့်ကမ်း တော်မူခြင်းကြောင့် ကျနော် မောင်လူပြိန်း ထူးမြတ်၏ ယခု ဟာသဖြစ်သော ဒုက္ခဟောင်း အကြောင်း ဘလော့ထက် အက္ခရာ တင်တော်မူရာ ဘလော်ဂါ ကျယ်သ၍ တည်ပါစေသတည်း။

ဒုက္ခဖြစ်လေပြီးသော ဟာသအကြောင်း ရေးသားရအံ့တည်းငှာ ငါ၏ ဘ၀အတွင်း ရွှေပန်းငေါက်တောက် ဘ၀မှ ယခုကာလတော် အထိ စူးအမ်းအံ့သောငှာ... သိပ္ပံ ပန်းကန်ပြားမဲ ထည့်ဖွင့်စက်ကို အမိန့်ပေးပြားလေးမှ ယန္တရားတော်ကို နှိုပ်ခြင်းဖြင့် နောက်ပြန်ဆုတ်သကဲ့သို့ ဘ၀ ရုပ်ပုံလွှာများကို မြင်ကြည့်လေရာ...

အချို့သော ပေါ်ပေါက်လာရသည့် ရုပ်ပုံလွှာများမှာလည်း လူမသိ သူမသိစေသော လျှို့ဝှက်အပ်သော အရာများသာ အများစု ဖြစ်လေသောကြောင့် လူမသိ သူမသိစေခြင်းငှာ နေမြဲတိုင်း ဖုံးကွယ်၍ တည်စေလတံ္တ့။
မဟာပထဝီ ကြမ်းပြင်လည်း ဘုန်းတော်ကြောင့် တဆတ်ဆတ် ခါရလေအောင် ဆက်လက် ဒူးနှံ့ စဉ်းစား ရသော်...

ကျွန်ုပ် သက်တော်၌ စိတ်ညစ်ညူးဖွယ်ရာ ကောင်းသော ဒုက္ခများကို လည်းကောင်း၊ ကျွုန်ုပ်၏ သက်တော်၌ သေသော်မှသည် သြော်... ကောင်း၏ဟု ရံဖန်ရံခါ မဖွယ်မရာ အတွေးဝင်နိုင်သော အကျပ်အတည်းများသော် လည်းကောင်း၊ ဘ၀ကို ပျော်ရွှင်စွာ ဖြတ်သန်းလေသူ အကြင်သူ မောင်ထူးမြတ် အနေနှင့် မေ့သည် ပျောက်လေသည် ရှိကြလေ၏။ သို့သော် မမေ့မပျောက် ရှိသေးသော မောင်ထူးမြတ်နှင့် ပညာရည် တိုးတက်မှု အစီရင်ခံစာ အထိတ်တလန့် အံ့သြထွေလာ ဇာတ်တော်လာကြီးကို ပြန်လည် ပြောပါအံ့။ ခွင့်လွှတ်တော် မူကြပါ။ မောင်ထူးမြတ်ခမျာ ထိုစဉ်က ဤတစ်လမ်းမျှ လွဲ၍ အခြား ရွေးချယ်စရာ မရှိခဲ့သည် ဖြစ်ရကား...

မောင်ထူးမြတ်၏ မယ်တော်ဘုရား သည်ကား များစွာသော မယ်မယ်ဘုရားတို့အတိုင်း သားသမီးကို တော်စေ တတ်စေချင်ခဲ့လေသည်။ ကျွန်ုပ် မောင်ထူးမြတ်သည်လည်း ငယ်စဉ်က စာပေဟူသမျှ ဖတ်သော်ငြားလည်း ကျောင်းစာဟု ခေါင်းစဉ်တပ်သမျှ ပျင်းတော်မူကာ ကျောတော်ဆန့်သော် လည်းကောင်း...

ရွာရိုးဆယ်ပေါက်
ခြေဦးမှောက်လှန်

ပျဲပျဲလန်စေ
သေလုမြောပါး ဆော့သတည်း...


စသည်ဖြင့် လည်းကောင်း အချိန်ကို ပျော်ရွှင်စွာ အသုံးချ ခဲ့လေသည်။ မယ်တော်သည်လည်း တက္ကသိုလ် ကထိကတော် အဖြစ်နှင့် သားတော်မောင်၏ အဆင့် လေးဆယ်ကျော်၊ ငါးဆယ်နားမျှကို မှန်မှန် လက်မှတ် ထိုးပေးချင်းအားဖြင့် ခန္ဒီ ပါရမီအား ဖြည့်ဆည်းလေသည်မှာ လပေါင်း ကြာလေသော် သည်းညည်း ခံနိုင်စွမ်း ကုန်လတ္တံ့ပြီး ဖြစ်ရကား... တလ၌ "သည်တစ်ခါ အဆင့် ၃၀ အောက် ကျလျှင် သားတော်မောင်၏ ပညာရည် တိုးတက်မှု အစီရင်ခံ ကတ်ပြား၌ မယ်မယ်ဘုရား လက်မှတ် မထိုးပေးပေ..." ဟု ဆိုလေတော့၏။

လိုလိုနှင့် တိုရင်းသာ နားခံတော်မူကြပါ။ ကျွန်ုပ် မောင်ထူးမြတ်ကား ဒုံရင်းသာ ဖြစ်လတ္တံသည်ကား ရှိလေရာ အစီရင်ခံ ကတ်ပြားတော်အား လက်မှတ်တော် တင်ပါရန် မယ်တော်ဘုရားအား သံတော်ဦး မတင်ဝံ့လေသည် ရှိတော့ လေသည်တကား... သို့ပေသော်လည်း ကျွန်ုပ် တက်သော ကျောင်းတော်၏ အတန်းပိုင်တော်ကြီး ဆရာမကား ပြန်ရရန် အလို့ငှာ တောင်းတော်မူနေပြီ ဖြစ်သောကြောင့် ကျွန်ုပ်သည်ကား လေးငါးရက် အိမ်မှာ ကျန်ခဲ့ပေသည်ဟု လင်္ကာ ချောရန် မုသားသုံး၍ သတ္တိမွေးရလေတော့သည်။ ထို့နောက်...

မွေးသည့် သတ္တိ ငါအားရှိကာ
မယ်တော်ဆီမှ ရွှေလက်မှတ်ကို
နှိမ့်ချလေကာ တောင်းသော်ညားလည်း...
နင်သာ လူတုံး အပိန်းဆုံးဟု
ညံ့သည်ပြောကာ မျက်ရည်ရွာ၍

စိတ်တော်ထိကာ လက်မှတ် မထိုး ရှိလေသည်။ ။

မောင်ထူးမြတ်ကား မနက်ဖျန်ခါ၌ ပြန်ပေးရမည် ဖြစ်လေသောကြောင့် ကြံမိကြံရာ ကြံမိရာတွင်...

ညဖက် အိပ်ယာ ဝင်လေကာမှ
ခြင်ထောက်အောက်ထဲ မျက်လုံးဖျဲ၍
လမ်းဘေးမီးတိုင် ခပ်ယိုင်ယိုင်မှ
အလင်းညိုခိုက် အာရုံစူးစိုက်

ထိုခဏ၌...

မောင်ထူးမြတ်လေ ချွေးစေး ပြန်ပြီး
ဘောပင် သွားခိုး လက်မှတ်ထိုးကာ
ပုံတူအစွမ်း ပန်းချီခန်းနှင့်
လက်သရမ်းကာ လိုအပ်သည်ကို
ဖန်ဆင်းသတည်း။ ။


သည်တွင် ပြီး၏။

ကိုယ့်ဟာကိုယ်ပင် စဉ်းစားရတာ အတော် ကျပ်သဖြင့် သူတစ်ပါးကို ဆက်လက် လက်ဆင့် မကမ်းလိုတော့ပါ။

Thursday, March 12, 2009

Command and Conquer games and New Generations

ကျနော့် တစ်သက်မှာ စစ်ဆိုတာနဲ့ တစ်ခါမှ ကိုယ်တွေ့ မကြုံဖူးပါဘူး။ အရှေ့အလယ်ပိုင်း ဒေသနဲ့ အာဖရိက ဒေသက လွဲလို့ ကမ္ဘာ့ အခြား နေရာက လူငယ် အတော်များများလည်း ကျနော့် နည်းတူပါပဲလို့ ယူဆတယ်။ ဟိုးငယ်ငယ်တုန်းကဆို အဖွားပြောပြတဲ့... သူတို့ ငယ်ငယ်က ကျွဲကြီး (B-29) လေယဉ်တွေ လာပဟေ့ ဆို အိမ်အောက် ဆင်းပြေး ရတာတွေ၊ ကျနော် ထမင်းစားနှေးရင် ပြောပြတဲ့ သူတို့ ငယ်ငယ်က ဗုန်းလာမကျဲခင် ထမင်း မြန်မြန် စားရတာတွေ လောက်ကလွဲလို့ ဘာမှ ပိုမသိခဲ့ပါဘူး။ အခု အရွယ်တောင် ကျနော် နိုင်ငံ အပြင်ကိုသာ ရောက်မလာခဲ့ရင် ကျနော် အဲဒါထက် ဘာမှ ပိုသိမှာမဟုတ်ပါဘူး။

အခုခေတ် လူငယ်တွေ ဂိမ်းဆော့ကြတာ၊ ဂိမ်း လုပ်ငန်းဟာ အင်မတန် ကျယ်ပြန့် လာတာနဲ့ ပတ်သက်လို့ လွန်ခဲ့သော ပိုစ့်တစ်ခုမှာ ဆိုခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီ ဂိမ်းတွေထဲမှာမှ သူ့လိုင်းနဲ့သူ ရှိပြီး ဝါသနာ မပါတဲ့လူဆို ပျင်းလွန်းလို့ နောက်ကတောင် ရပ်မကြည့်နိုင်ကြတဲ့ Strategy ဂိမ်း သမားတွေလည်း ရှိကြပါတယ်။ နားလည်ပါတယ်။ သူများတွေ ပွဲစတာနဲ့ တဒိုင်းဒိုင်း ပစ်တဲ့၊ တစ်ခုခုဖြစ်တဲ့... ဒါမှမဟုတ် မျက်လုံးထဲ ယဉ်ပြီးသား အားကစား ဂိမ်းတွေ ဆော့တဲ့ လူတွေကြားမှာ၊ စိန်ပြေနပြေ အခိုင်အခံ့ စခန်းကြီး ဆောက်ပြီး အေးအေးဆေးဆေး တိုက်ကြတဲ့ Strategy သမားတွေကို စိတ်မဝင်စားကြတာ အထူးအဆန်းတော့ မဟုတ်ပါဘူး။

Rise of Nations (Screen shot)


ကျနော်ကတော့ ငယ်ငယ်ကတည်းက မြန်မာပြည်ထဲမှာ ဂိမ်းဆိုင် သွားတတ်တဲ့ အရွယ်ကတည်းက အဲလို Real Time Strategy ဂိမ်း ဆော့နေတဲ့ လူတွေ ကစားနေတာကိုပဲ နောက်ကနေ သွားရပ်ကြည့်ဖြစ်ခဲ့ပါတယ်။ ကျနော် ဆော့နိုင်တဲ့ အရွယ်၊ အခွင့်အရေး ရလာတော့ အဲဒီတုန်းက ကျနော် ရပ်ကြည့်ခဲ့ရတဲ့ ဂိမ်းတွေကို တစ်ခုချင်းစီ ပြန်ပြန် ရှာပြီး ကျနော် ဆော့ဖြစ်ခဲ့ပါတယ်။

Real Time Strategy မှာ Space တွေ၊ အနာဂါတ် စိတ်ကူးယဉ် သိပ္ပံ စစ်ပွဲပုံစံတွေ၊ City Building game အချို့ တွေနဲ့ ကျနော့် ကွန်ပျူတာနဲ့ မဆော့နိုင်အောင် အဆင့်မြင့်တဲ့ ဂိမ်းတွေက လွဲလို့ ကျနော် ဆော့ဖူးတာ များပါတယ်။ ထပ်တိုးတဲ့ ဗားရှင်းတွေကိုမှာ စက်မနိုင်တာကတော့ မတတ်နိုင်လို့ မဆော့ဖြစ်ပါဘူး။

Photo: from here


ဥပမာ Age of တွေ အပါအ၀င် ရှေးခေတ် ကာလ Command and Conquer ဂိမ်းတွေထဲမှာဆို...

  • Age of Empires စီးရီးတွေထဲမှာ ၂ ဆော့နေကျ၊ အခု ၃ ကို ဆော့ဖို့ ကြံနေတယ်။
  • Age of Mythology လည်း The Titans အထိ ဆော့ဖူးတယ်။
  • Celtic Kings ကို Rage of war ဆော့ဖူးတယ်။
  • Cossacks စီးရီးထဲမှာ Back to war, Art of War အထိ ဆော့ဖူးတယ်။ Napoleonic wars ကတော့ စက်မနိုင်လို့ မဆော့နိုင်သေးဘူး။
  • Empire Earth သုံးခုထဲမှာ ၁ ဆော့ဖူးတယ်။
  • Strong Hold ကို Crusader ဗားရှင်း အထိ ဆော့ဖူးတယ်။
  • Total War စီးရီးတွေတော့ မဆော့ဖူးသေးဘူး။
  • Rise of Nations လည်း Thrones and Patriots ကို ဆော့ဖူးတယ်။

ကျနော် အဲဒါတွေ ပြောပြနေတာဟာ ထုံးစံအတိုင်း ကျနော် ပြောချင်တဲ့ အကြောင်းအရာဆီကို ဦးတည်နိုင်ဖို့ ပါပဲ။ အင်္ဂလန်မှာ ၁၉၈၃ ခုနှစ်မှာ ထုတ်လုပ်ခဲ့တဲ့ Stonkers ဆိုတဲ့ ဂိမ်းကနေ Real Time Strategy ဆိုတဲ့ အမျိုးအစား စလာခဲ့ပါတယ်။ စပေါ်လာ ကတည်းကကို စစ်တိုက်တဲ့ Command and Conquer ဂိမ်း တစ်ခု အနေနဲ့ စတင်ခဲ့ပါတယ်။ အမေရိကမှာတော့ ၁၉၈၇ ခုနှစ်မှ The Ancient Art of War ဆိုတဲ့ ဂိ
မ်းနဲ့ Real Time Strategy ဂိမ်း စပေါ်ပါတယ်။ အမေရိကမှာ စစချင်း ပေါ်တဲ့ ဂိမ်းကလည်း စစ်တိုက်တဲ့ ဂိမ်းပဲ ဖြစ်မယ် ဆိုတာကလည်း နာမည်ကို ကြည့်လိုက်တာနဲ့ သိသာပါတယ်။

Photo : from here


ကျနော်တို့ လူသားတွေမှာ ကျနော်တို့ အခေါ် သားရဲတိရိစ္ဆာန် ဘ၀ကနေ ယဉ်ကျေးမှုနဲ့ လူ ဆိုတာ ဖြစ်လာကြ ပေမဲ့ ကျနော်တို့မှာ အဲဒီ သားရဲတိရိစ္ဆာန် အကျင့် တစ်ချို့ကို ဖျောက်ဖျက်လို့ မနိုင် ဖြစ်တာမျိုး ရှိနေသေးပါတယ်။ အိမ်မှာ အစာ အလုံအလောက်၊ ကုန်လည်း ထပ်သွားဝယ်လို့ ရနိုင်ပေမဲ့ ရှေးတုန်းက အမဲလိုက်၊ အစာရှာရင် နောက်တစ်ခါ ထပ်ရှာမရရင် ငတ်မှာစိုးလို့ အခု ရထားတာကို တဝတပြဲ စားခဲ့ကြတဲ့ အလေ့ အထဟာ လူသား အများစုမှာ အခုထိ မဖျောက်နိုင်ကြသေးပါဘူး။ အဲဒီအတိုင်းပဲ တကမ္ဘာလုံးမှာ နည်းနည်းနဲ့ ကျဲကျဲဝိုင်းတာရယ်၊ များများကြီး အပြုံလိုက် သေတာရယ်၊ ဘယ်လိုပဲ ဖြစ်ဖြစ် တွင်ကျယ်စွာ ရှိနေသေးတဲ့... အချင်းချင်း ကိုက်မှု၊ စစ်ပွဲတွေဟာလည်း လောဘသား များကြောင့် (သို့မဟုတ်) လူလိုပြောလို့ နားမလည်သူတွေကြောင့် (သို့မဟုတ်) စစ်သွေးကြွ သူတွေ ကြောင့် အခုထိ ရှိနေကြတုန်းပါပဲ။

ဒီလိုနဲ့ ကျနော့်လို ငယ်ငယ်တုန်းက စစ်သားရုပ်တွေ ဆော့၊ သေနတ်ရုပ်တွေ ဆော့၊ ကြီးလာတော့ စစ်တိုက်တဲ့ ဂိမ်းတွေဆော့၊ စစ်ကားတွေ ကြည့်တဲ့ လူငယ်တွေလည်း အများကြီး ဖြစ်နေကြရပါတယ်။ ကျနော့် သက်တမ်း အတွင်းမှာ ဆော့လာတဲ့ စစ်တိုက်တဲ့ ဂိမ်းတွေမှာ မှတ်မှတ်ရရ ပြောရရင်၊ စစ်ဖြစ်တာဟာ မကောင်းဘူး၊ တကယ် စိတ်ထဲမှာ စဉ်းစားသလို ပျော်စရာ မကောင်းဘူး၊ စစ်ဟာ အနိဌာရုံပါ ဆိုတာကို သိအောင် ပြနိုင်တဲ့ ဂိမ်းရယ်လို့ မှတ်မှတ်သားသား၊ တစ်ခုမှကို မရှိခဲ့ပါဘူး။ ရုပ်ရှင်တွေ ထဲမှာတော့ တစ်စ တစ်စနဲ့ ရှိလာပါတယ်။ No Man's land ဆို ကျနော် အကြိုက်ဆုံးနဲ့ စစ်ရဲ့ စိတ်ပျက်စရာ ကောင်းမှုကို ကောင်းကောင်း ဖော်ပြနိုင်တဲ့ ဇာတ်ကားပေါ့။

No Man's land (the movie) (2001)



အက်ရှင်ကားတွေ ကြည့်ရင်း တချိန်က စစ်တိုက်ခဲ့ဖူးတဲ့ အဖိုးတစ်ယောက် ပြောသလိုဆို...
"တကယ်တမ်း တိုက်ပွဲထဲ ရောက်ရင် ဒါမျိုး အက်ရှင်နဲ့ ဂျွမ်းတွေထိုးဖို့ နေနေသာသာ ငါတို့ဆို ခေါင်းတောင် မဖော်နိုင်ပါဘူးကွာ... ရွှံ့ဗွက်ထဲ မျက်နှာ အပ်ပြီး မှောက်နေရတာ..."
ဆိုတဲ့အတိုင်း စစ်ပွဲဟာ ကျနော်တို့ လူငယ်တွေ Counter Strike ဆော့သလို ခုန်လိုက် ပေါက်လိုက်၊ Head Shot လေးပစ်လိုက်၊ ဘေးက သူငယ်ချင်းကို အဲဒီအကြောင်းလေး အော်ပြီး ကြွားလိုက်နဲ့ လုပ်နိုင်တဲ့ အရာမျိုး မဟုတ်ပါဘူး။ ဂိမ်းထဲမှာ သေတာ ပြန်ပြန် ထလာပေမဲ့ တကယ့် စစ်ပွဲမှာကျတော့ လူတွေဟာ တန်းသေသွား ကြတာပါပဲ။

ဂိမ်းထဲမှာ သေဆုံးသွားတဲ့ ယူနစ် တစ်ခုဟာ ဘာမှမဟုတ်ပေမဲ့ အပြင်မှာ သေဆုံးသွားတဲ့ စစ်သား တစ်ယောက်ဆို သူ့ရဲ့ နောက်မှာ ကျေကွဲဝမ်းနည်းနေတဲ့ သူ့မိသားစု ရှိတယ်။ အမေက အဖေ တိုက်ပွဲမှာ ကျသွားတာကို အသိမပေးရက်လို့ အဖေ ပြန်လာမလားလို့ နေ့တိုင်း မျှော်နေမဲ့ သူ့ သားသမီးတွေ ရှိကောင်း ရှိမယ်။ သူအသက်ရှင်စဉ်၊ စစ်ကြီး မတိုင်မီမှာ လုပ်ကိုင်သွားခဲ့တဲ့ အလုပ်အကိုင် တစ်နေရာစာ နိုင်ငံတော်က ဆုံးရှုံးသွားတယ်။

စစ်ဖြစ်ရာ စစ်တလင်း နိုင်ငံမှာ အသက် အိုးအိမ် ပျက်စီး ဆုံးရှုံးသွားတဲ့ ပြည်သူ လူထုတွေရှိနေတယ်။ ကိုယ်ကောင်းရင် ခေါင်းမရွေ့ဘူး ဆိုပေမဲ့ ကိုယ်က ကောင်းရဲ့သားနဲ့ စစ်ကြောင့် အလကား သက်သက် အထိနာရတဲ့ လူတွေ ရှိခဲ့ကြတယ်။ ကျနော်တို့ မြတ်နိုးတဲ့ အရာတွေ အားလုံးကို သိမ်းဆည်းထားတဲ့ ကျနော်တို့ရဲ့ အိမ်တွေရယ်၊ ချစ်သူ ခင်သူတွေ ရှိတဲ့ မြို့ကြီးကို ဗုံး တန်ချိန်ပေါင်း များစွာနဲ့ ဖျက်ဆီးလိုက်တဲ့အခါ ခံစားရတဲ့ ခံစားချက် ဆိုတာဟာ တကယ်မကြုံတွေ့ ပဲနဲ့တောင် မျက်ရည် လည်ချင်စရာ ကောင်းလှပါတယ်။

ကျနော်မှတ်မိသလောက် ငယ်ငယ်က ကြည့်ခဲ့ဖူးတဲ့ ချာလီချက်ပလင် ထဲမှာတောင် ဒုတိယ ကမ္ဘာစစ် ကာလနဲ့ ပတ်သက်တဲ့ ဇာတ်ကားထဲမှာ စစ်ပွဲရဲ့ အနိဌာရုံတွေကို ဟာသ ရုပ်ရှင်ပေမဲ့ သူ့နည်း သူ့ဟန်နဲ့ သနားစဖွယ် ဖြစ်အောင် ပြသွားနိုင်သေးတယ် လို့ မှတ်မိပါတယ်။


Photo: from here

ဂိမ်းမျိုးစုံထဲမှာ အဲလို စစ်ပွဲ ဂိမ်းတွေ မထုတ်ရဘူးလို့ တားမြစ်ဖို့ရာ မလိုအပ်ပါဘူး။ စစ်တိုက်တာ လုံးဝ မပါတဲ့ တခြားအကြောင်းအရာ ဂိမ်းတွေ ထုတ်ဖို့ ဆိုတာဟာ အင်မတန်မှ စဉ်းစားရ ကျပ်တဲ့ ကိစ္စပါ။ အနည်းဆုံးတော့ စစ်ရဲ့ ဆိုးရွားမှုတွေကို သဘောပေါက်အောင် ဆိုရင် Campaign တွေထဲမှာ ပြည်သူ လူထုရဲ့ နာကျင်ရတဲ့ အဖြစ်အပျက်တွေကို ကြားဖြတ် ဇာတ်လမ်းတို တွေမှာ ထည့်ပေးတာမျိုး လုပ်နိုင်ပါတယ်။ ဒါမှမဟုတ်ရင် Campaign တွေရဲ့ အဆုံးမှာ ဒီလို စစ်မျိုးကို နောက်တစ်ခါ ထပ်မဖြစ်ရအောင် ကာကွယ် သွားမယ် ဆိုတာမျိုးနဲ့ ဇာတ်သိမ်းသင့်ကြပါတယ်။

တကယ်တမ်း ကိုယ်ပိုင် ခံစားမှု မပါနိုင်ပဲ လက်ချောင်း နှစ်ချောင်းနဲ့ နှိုပ်နှိုပ်ပြီး ဆော့နေရတဲ့ ဂိမ်းတွေ ဆိုတော့ တကယ် စစ်ကို ရွံ့တဲ့ ခံစားမှု ဖြစ်လာဖို့ကတော့ ခက်ခဲပါတယ်။ ဒါပေမဲ့ အတတ်နိုင်ဆုံး အနာဂါတ် ကမ္ဘာရဲ့ ငြိမ်းချမ်းရေးအတွက်၊ အနာဂါတ်မှာ ကမ္ဘာကို တည်ဆောက်မဲ့ မျိုးဆက်သစ်တွေ အတွက် စစ်ပွဲဆိုတာ တကယ်တမ်း ပျော်စရာ မကောင်းပါဘူး ဆိုတာကိုတော့ သိစေသင့်တဲ့ အချိန် ရောက်ပြီ ထင်မိတယ်။

Photo: From Wikipedia

Tuesday, March 10, 2009

Avatar : The Last Airbender



Avatar : The Last Airbender ဟာ ဆုပေါင်း များစွာ ရယူနိုင်ခဲ့ပြီး တစ်ပိုင်းကို အပိုင်းငယ် ၂၀ စီလောက် အနည်းဆုံး ရှိတဲ့ အပိုင်းကြီး ၃ ပိုင်း ခွဲ ပြသခဲ့သော အမေရိကန် ရုပ်မြင်သံကြား ကာတွန်း ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။ အမေရိကန် ကာတွန်း ဇာတ်လမ်းတွဲ ပေမဲ့ အာရှ အယူအဆ လွှမ်းမိုးမှု၊ သိုင်းပညာနဲ့ ဓါတ်ကြီး လေးပါးကို အခြေခံပြီး ဆွဲထားတဲ့ ကာတွန်းလို့ ဆိုရပါမယ်။ အဓိက အကြောင်းအရာ အားဖြင့်တော့ အဓိက ဇာတ်ဆောင် လေကို ထိမ်းချုပ်နိုင်သူ၊ လေ နိုင်ငံသားတွေထဲက နောက်ဆုံး တစ်ဦးတည်း အသက်ရှင် ကျန်ခဲ့ပြီး Avatar တစ်ဦးလည်း ဖြစ်တဲ့ Aang နဲ့ သူ့ရဲ့ သူငယ်ချင်း တစ်စုတို့က မီး နိုင်ငံရဲ့ အခြား နိုင်ငံတွေကို တိုက်ခိုက်နေတဲ့ စစ်ပွဲကြီးကို ရပ်တန့်တဲ့ စွန့်စားခန်းတွေ အကြောင်းပါ။

ဒီဇာတ်လမ်းတွဲဟာ သိပ်ကို စိတ်ဝင်စားဖို့ ကောင်းတဲ့အတွက် ကျနော် မျှဝေ ပြောပြခြင်းဖြစ်ပါတယ်။

ကလေးတွေတင် မက၊ လူကြီးတွေ အပါအ၀င် လူပေါင်း ငါးသန်းခွဲ လောက် ကြည့်ရှုခဲ့ကြပြီး ထုတ်လုပ် ပြသတဲ့ Nicktoons ကာတွန်းလိုင်းမှာ အမြင့်ဆုံး မဲပေးခြင်း ခံရတဲ့ ကာတွန်း ဇာတ်လမ်းတွဲ အဖြစ် ရပ်တည်ခဲ့ပါတယ်။ အပိုင်းကြီး သုံးပိုင်းကို Book 1 (Water), Book 2 (Earth) နဲ့ Book 3 (Fire) ရယ်လို့ ခွဲထားပြီး အခုအခါ DVD ၀ယ်ယူ ကြည့်ရှုနိုင်ပါတယ်။



AVATAR (DVDs)


The World of Avatar

Avatar ရဲ့ ကမ္ဘာဟာ လူ့အဖွဲ့အစည်း လေးခု၊ ရေခဲပြင်တွေကနေ သဲကန္ဒာရအထိ မျိုးစုံ ရှိတဲ့ မြေသား အသွင်အပြင်တွေနဲ့ ထူးဆန်းတဲ့ ပုံပန်းသဏ္ဍန်တွေ ရှိတဲ့ တိရိစ္ဆာန်တွေပါ ပါဝင်တဲ့ စိတ်ကူးယဉ် ကမ္ဘာ တစ်ခု ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်း လေးခုဟာ ရေ လူမျိုးစု (Water Tribe), မြေ ဘုရင့် နိုင်ငံ (Earth Kingdom), ရွေ့လျား သွားလာ နေထိုင်သည့် လေ လူမျိုးစု (Air Nomads), နှင့် မီး နိုင်ငံ (Fire Nation) ရယ်လို့ သူတို့ ကျွမ်းကျင် ထိမ်းချုပ်နိုင်တဲ့ ဓါတ်တွေအပေါ် မူတည်ပြီး လေးခု ခွဲထားပါတယ်။ သူတို့ နိုင်ငံတွေ၊ လူမျိုးစုတွေ တစ်စု စီရယ်မှာ အဲလို ရေ၊ မြေ၊ လေ၊ မီး ဓါတ်တွေထဲက သူတို့ရဲ့ သက်ဆိုင်ရာ ဓါတ်တွေကို ကောင်းကောင်း ထိမ်းချုပ် ကိုင်တွယ်နိုင်တဲ့ Bender လို့ ခေါ်တဲ့ ပညာရှင်တွေ ရှိကြပါတယ်။ အဲဒီ ပညာရပ်တွေကို အသုံးချပုံ သိုင်းကွက် များကို တရုတ် သိုင်းပညာကို အခြေခံပြီး ရေးဆွဲထားပါတယ်။ Waterbending, Earthbending, Airbending, Firebending လို့ ခေါ်ဆိုထားပါတယ်။



မျိုးဆက် တစ်ဆက်တိုင်း တစ်ဆက်တိုင်းမှာ Avatar ဆိုတဲ့ လူတစ်ယောက်စီ ရှိခဲ့ကြပါတယ်။ အဲဒီ Avater ဆိုသူဟာ ဓါတ်ကြီး လေးပါးစလုံးမှာ ဆရာ အဆင့်အထိ ကျွမ်းကျင် ပိုင်နိုင်တဲ့လူ ဖြစ်ပါတယ်။ Avatar ဟာ မျိုးဆက် တစ်ဆက်မှာ တစ်ယောက်သာ ရှိပြီး သေလွန်တဲ့အခါမှာ ရေ၊ မြေ၊ လေ၊ မီး လူ့အဖွဲ့အစည်း လေးခုထဲက တစ်ခုစီမှာ Avatar စက်ဝိုင်း အတိုင်း တစ်လှည့်စီ လူဝင်စား ဖြစ်ပြီး Avatar ပဲ ပြန်ဖြစ်ပါတယ်။

Avatar စက်ဝိုင်းအဟာ ဆောင်းဦး ရာသီမှာ လေ၊ ဆောင်းရာသီမှာ ရေ၊ နွေဦးရာသီမှာ မြေ၊ နွေရာသီမှာ မီး ရယ်လို့ လည်ပတ်နေပါတယ်။ Avatar တစ်ယောက်အနေနဲ့ မိမိရဲ့ မွေးဖွားရာ လူမျိုးစုရဲ့ ပညာ (bending) တစ်ခု အရင် တတ်ထားရပါတယ်။ အဲဒီမှာ Master အဆင့်ဖြစ်မှာ ကျန်တဲ့ လူမျိုးစုတွေရဲ့ ပညာတွေ သင်ယူနိုင်ပါတယ်။ Avatar တစ်ယောက်အနေနဲ့ သင်ယူတာ မြန်ဆန်တဲ့ အစွမ်း ရှိပေမဲ့လည်း မိခင်ဓါတ်ရဲ့ ဆန့်ကျင်ဖက် ဓါတ်ကို သင်ယူချင်ရင်တော့ အင်မတန်ကိုမှ ခက်ခဲပါတယ်။ မီး ထိမ်းချုပ်မှု ပညာရဲ့ ဆန့်ကျင်ဖက်က ရေ ထိမ်းချုပ်မှု၊ လေရဲ့ ဆန့်ကျင်ဖက်ကတော့ မြေ၊ စသဖြင့်ပေါ့။


The Avatars

Avatar တစ်ယောက်ရဲ့ အခန်းကဏ္ဍဟာ အဲဒီ ဓါတ်ကြီး လေးပါးနဲ့ ရှိနေတဲ့ ကမ္ဘာကို ညီညွတ် မျှတနေအောင် ထိမ်းချုပ်ဖို့ ဖြစ်ပါတယ်။ Avatar အဆက်ဆက်ဟာ ကမ္ဘာကို ညီညွတ် မျှတအောင် ထိမ်းချုပ်ခဲ့ကြပါတယ်။ Avatar တွေမှာ တခြား bender တွေနဲ့ မတူပဲ ထူးခြား ဆန်းကျယ်တဲ့ စွမ်းအားရယ်လို့ နှစ်ခု ရှိပါတယ်။

တစ်ခု ကတော့ Avatar State လို့ ခေါ်တဲ့ စွမ်းအားပါ။ အဲဒီ စွမ်းအားကို အသုံးချလိုက်ရင် အတိတ်ကာလ အဆက်ဆက် ရှင်သန် ရပ်တည်ခဲ့ကြတဲ့ Avatar ဟောင်းတွေရဲ့ ဘ၀က ရရှိခဲ့တဲ့ စွမ်းအင်တွေ၊ အသိဥာဏ်တွေ၊ ပညာတွေ အားလုံးကို ပြန်ရပြီး အသုံးချနိုင်ပါတယ်။ ဘယ်လို ပညာနဲ့ တိုက်ခိုက် တိုက်ခိုက် ခုခံနိုင်လာပါတယ်။ ဒါပေမဲ့ အဲဒီ Avatar State ကို အသုံးချနေတဲ့ အချိန်မှာ အသတ်ခံလိုက်ရရင်တော့ Avatar စက်ဝိုင်းဟာ ပျက်စီးသွားပြီး Avatar တွေရဲ့ လူဝင်စား ဖြစ်မှုကို ရပ်တန့်သွားစေပြီး Avatar တွေ လုံးဝ ပျောက်ကွယ်သွား နိုင်ပါတယ်။

ဒုတိယ စွမ်းအားကတော့ Avatar တစ်ယောက်ဟာ ၀ိဥာဉ်ကမ္ဘာနဲ့ တည်ရှိနေတဲ့ ကမ္ဘာကြားမှာ ဆက်သွယ် နိုင်ပါတယ်။ အဲဒီလို ပေါင်းကူးတံတား ဖြစ်တဲ့အတွက် တော်ရုံတန်ရုံ Bender တွေ မဖြေရှင်းနိုင်တဲ့ ကိစ္စတွေကို ဖြေရှင်းပေး နိုင်ပါတယ်။

Aang ဟာ နှစ်ပေါင်း ၁၀၀ လောက် တောင်ဝင်ရိုးစွန်း ရေလူမျိုးစုရဲ့ နယ်မြေမှာ အိပ်ပျော်နေတဲ့ အချိန်မှာ မီးနိုင်ငံက ကျန်တဲ့ နိုင်ငံတွေကို စတင် တိုက်ခိုက်ခဲ့ပြီး လေ လူမျိုးစု အားလုံးကို မျိုးတုန်း သတ်ဖြတ် ပြီးနေပါပြီ။ အဲဒီအချိန်မှာ နောက်ဆုံး လေ ထိမ်းချုပ်မှု ကျွမ်းကျင်သူ Aang တစ်ယောက်သာ အသက်ရှင် ကျန်ရစ်ခဲ့သူ ဖြစ်နေပါတယ်။ Avatar ကို တောင်ပိုင်း ရေလူမျိုးစုက Katara နဲ့ Sokka ဆိုတဲ့ မောင်နှမ နှစ်ယောက်က ရှာတွေ့လို့ နိုးလာပါတယ်။ နောက် Avatar ဖြစ်ပေမဲ့ မီး ဘုရင်ကို နိုင်ဖို့ မလွယ်ဘူး ဆိုတာကို တွေးမိပြီး Water bending ကို ပထမ သင်ယူဖို့ တကယ် တိုက်ခိုက်ရေး Water Bending ကို တတ်တဲ့ မြောက်ဝင်ရိုးစွန်း ရေ လူမျိုးစုကို သွားဖို့ ကြံတာကနေ ဇာတ်လမ်းက စတင်ပါတယ်။ (တောင်ပိုင်း ရေလူမျိုးစုရဲ့ ရေ ထိမ်းချုပ်မှု ပညာက ဆေးကုရာမှာ အသုံးဝင်တာ များပါတယ်၊ တိုက်ခိုက်ရေးမှာ သိပ်အသုံးမ၀င်ပါ)

Avatar Aang ဟာ သူနဲ့ သက်ဆိုင်တဲ့ လေက လွဲပြီး ဘာမှတခြားဟာ မထိမ်းချုပ်တတ်သေးတဲ့ အတွက်၊ မီး ဘုရင်ကို တိုက်ခိုက်ဖို့ရာမှာ အင်မတန် အခက်အခဲ ရှိပါဦးမယ်။ အဲလိုနဲ့ သူတို့ရဲ့ စွန့်စားခန်းဟာ အင်မတန် စိတ်ဝင်စားဖို့ ကောင်းလာခဲ့တာ ဖြစ်ပါတယ်။

အချိန်အားလေး ရလို့ အခွင့်အရေး ရှိရင် ကြည့်ကို ကြည့်သင့်တယ်လို့ ညွှန်းချင်ပါတယ်။

18

၁၈နှစ်။ ရန်ကုန်မှာရှိခဲ့တဲ့ မွေးနေ့တွေ၊ နောက် မော်လမြိုင်မှာ ရှိခဲ့တဲ့ မွေးနေ့၊ နောက် ရန်ကုန်ကို ပြန်ရောက်လာပြီး ရန်ကုန်မှာ ရှိနေခဲ့တဲ့ မွေးနေ့တွေ၊ ထိုင်းမှာ ရှိနေခဲ့တဲ့ မွေးနေ့တွေ၊ အခု ၁၈နှစ် မွေးနေ့ကတော့ အမေရိကမှာပါ။ အခုလောက်ဆို အာရှမှာတော့ ကျနော် ၁၈နှစ် ပြည့်ပြီ ထင်ပါရဲ... ဒီမှာကတော့ ၁၈နှစ် မပြည့်သေးပါဘူး။ မနက်ဖျန် ၁၁၊ ၃၊ ၂၀၀၉ မှ ပြည့်ပါလိမ့်မယ်။

ကျနော်ကြိုက်တဲ့ Damien Rice ရဲ့ သီချင်း တစ်ပုဒ်ထဲက လိုပါပဲ။
Nothing unusual... nothings changed... just a little older... that's all...
ဆိုသလိုပါပဲ။ မွေးနေ့တွေဟာ ကျနော့်အတွက် ဘာမှ ထူးထူးခြားခြား မဟုတ်ပဲ ဒီလိုပဲ ဖြတ်သန်းသွားကြပါတယ်။ ကျနော် ဟိုး ငယ်ငယ်လေး တုန်းကတော့ မွေးနေ့ပွဲတွေ လုပ်ဖြစ်ခဲ့မယ်၊ လက်ဆောင် ကစားစရာတွေ အများကြီး ရခဲ့တယ် ထင်ပါတယ်။ မော်လမြိုင်မှာ မွေးနေ့ပဲ လုပ်ဖြစ်ခဲ့၊ မဖြစ်ခဲ့ကတော့ ကျနော် မမှတ်မိပါဘူး။

ရန်ကုန် ပြန်ရောက်တော့ တက္ကသိုလ် ရိပ်သာလမ်းမှာ နေတုန်းက အိမ်နားက သူငယ်ချင်းတွေကိုပဲ မုန့်လေး ကျွေးတာပါပဲ။ အဲဒီတုန်းက အဖွားတို့က လက်ဆောင် ယူမလာနဲ့လို့ ပြောထားတဲ့အတွက် လက်ဆောင်တော့ မပါပါဘူး။ နောက် ထိုင်းကို ရောက်လာတော့ အမေက မွေးနေ့တစ်ခုမှာတုန်းက မုန့်ဟင်းခါး ချက်ပေးတယ်ထင်တယ်။ တကယ်တော့ ကျနော်တို့ အိမ်မှာက အပတ်တိုင်း ချက်နေတဲ့အတွက် ထူးထူးခြားခြား မရှိပါဘူး။

နောက် ကျနော် နယ်စပ်မှာ ကျောင်းသွားတက် နေရတုန်းကတော့ ကျနော့် မွေးနေ့မှာ အဲဒီကျောင်းမှာ ကြာဆံကြော် ကျွေးနိုင်ဖို့ စီစဉ်ပေးတယ်။ ကျောင်းမှာ စုစုပေါင်းမှ လာတက်နေတာ လူ ၂၀ လောက်ပဲ ရှိတာဆိုတော့ အဆင်ပြေပါတယ်။ အမေတို့ကို အဲဒီအတွက် ကျေးဇူးတင်ပါတယ်။ ကျနော်က လူတွေကို ကျွေးရင်လည်း မစို့မပို့ထက်စာရင် အဲလို ဝဝ ကျွေးရတာ သဘောကျတယ်။ အဲဒီ တုန်းကလည်း သူငယ်ချင်းတွေ ထဲမှာ လက်ဆောင် ပေးနိုင်မဲ့လူ မရှိတဲ့အတွက် လက်ဆောင် မမျှော်လင့်ခဲ့ပါဘူး။ မမျှော်လင့်ခဲ့တဲ့ အတိုင်းပဲ လက်ဆောင်မရခဲ့ဘူးလို့ မှတ်မိပါတယ်။ မဆုမွန် တစ်ယောက်ကတော့ အဲဒီ မွေးနေ့မတိုင်မီ ဒိုင်ယာရီ စာအုပ်လေး လက်ဆောင်ပေးတယ်။ ကျနော်က ရေးလေ့မရှိတော့ ဒီအတိုင်းပဲ သိမ်းထားလိုက်ပါတယ်။ ဒီကို ပြောင်းလာတော့ ဒီအတိုင်းပဲ ကျန်ခဲ့လေရဲ့... လက်ဆောင်အကြောင်း ထည့်ထည့် ပြောတာက သူများတွေ အတွက်ဆို မွေးနေ့က လက်ဆောင်ရတဲ့ ပျော်စရာ နေ့လေးလို့ ကြားဖူးလို့ပါ။

အဲဒီတော့ ပြောရရင် ကျနော့်ဘ၀မှာ မွေးနေ့ကို အထူးတလည် ပွဲလေးလို လုပ်ပြီး ဖြတ်သန်းရတယ်ဆိုတာ ဒီ ၁၈နှစ် အတွင်းမှာ ကျနော် မှတ်မိတာ ဆိုလို့ အများဆုံး ၅ ခုတော့ ရှိကောင်း ရှိပါလိမ့်မယ်။ အဲဒီတော့ ဒီနှစ် ကတော့ ထုံးစံအတိုင်း တိတ်တိတ်ဆိတ်ဆိတ်ပဲ ဖြတ်သန်းမယ်လို့ ပြောရပါမယ်။

ဒါပေမဲ့ ဒီမွေးနေ့ဟာ အသက် ၁၈နှစ် ပြည့်တဲ့ မွေးနေ့ ဖြစ်တဲ့အတွက် ကလေးအခွင့်အရေး စာချုပ်ကို ထားခဲ့ပြီး လူ့အခွင့်အရေး စာချုပ်ထဲကို ၀င်ပြီ ဖြစ်ပါတယ်။ ကျနော့်ကို လူကြီးလို့ ပြောပြီး နားလည်မှုတွေ မပေးကြတော့မဲ့ အချိန်ကို တရားဝင် ရောက်လာခဲ့ပါပြီ။ အသက် ၁၈နှစ်နဲ့ လူကြီးသာ ဖြစ်ပြီလို့ပြောတာ ကျနော့်ဘ၀မှာ လက်ဆုပ် လက်ကိုင် ဘာတွေ ပိုင်ဆိုင်ထားပါသလဲ...

ကျနော့်မှာ ရှိတာတွေဆို...
  • ကျနော့်အတွက် သူများ လှုတဲ့ ကွန်ပျူတာလေး တစ်လုံးရယ်...
  • အ၀တ်အစား နည်းနည်း၊ အနွေးထည် သုံးထည်၊ အပြင်သွားစရာ ဘောင်းဘီ ၂ ထည်၊ ကျနော် မစီးနိုင်တဲ့ ဖိနပ် ကြီးကြီး တစ်ရံ၊ သေးလို့ ကျပ်နေတဲ့ ဖိနပ်တစ်ရံ၊ နောက် ဒီရာသီ၊ ဒီနိုင်ငံမှာ စီးလို့ အဆင်မပြေတဲ့ ညှပ်ဖိနပ် တစ်ရံ။
  • တခါတလေ ခလုတ် ဖွင့်လိုက်ရင် ကြောင်ကြောင်ပြီး ရပ်ရပ်သွားတတ်တဲ့ ၁ Gb နီးပါးလေး ဆန့်တဲ့ MP3 player တစ်ခု။ ဖွင့်တိုင်း ကောင်းကောင်း မပွင့်လို့ မသုံးဖြစ်ဘူး။
  • နောက်... ကောလိပ် ၀င်ဖို့ သွားဖြေထားတဲ့ အမှတ်စာရင်းလေးနဲ့ ကျနော့် စာရွက်စာတမ်းတွေ။
  • ဖုန်းတစ်လုံး (အဲဒါကတော့ သိပ်မသုံးဖြစ်ပေမဲ့ ကိုယ့်အတွက် ပေးထားတော့ ထည့်ရေးတာပါ)
  • နောက်... အဆက်အသွယ် ပြတ်နေတဲ့ ချစ်သူတစ်ယောက်။ (တကယ်တော့ ကျနော် မပိုင်ဆိုင်ပါဘူး)

အခုနေ ကျနော့်မှာ အသက်မွေးဝမ်းကျောင်း ပညာလေး တစ်ခုရှိလို့ အိမ်ပေါ်က ဆင်းနိုင်မယ်ဆို ကျနော် ယူသွားလို့ ရနိုင်တာ (အောက်ဆုံး တစ်ခုက လွဲရင်) ဒါလေးတွေပဲ ရှိမှာပါ။ ကျနော်ဟာ မြန်မာပြည်က ထွက်ခွာ လာရတုန်းက ၈ တန်းဖြေပြီး ခါစမှာ ထွက်လာတဲ့အတွက် ကျနော့်ပညာရေးဟာ ဆယ်တန်းမအောင်တဲ့ လူနဲ့ ဘာမှ မခြားပါဘူး။ ကျနော့် ဒီ ၁၈နှစ်ပြည့် မွေးနေ့ကတော့ မကျေနပ်မှု တွေနဲ့ပဲ ဖုံးလွှမ်းနေပါတယ်။

ကျနော်နဲ့ တူတူ ကျောင်းတက်ခဲ့ကြတဲ့ TTC က သူငယ်ချင်းတွေ၊ သူတို့ ကြိုးစားနေကြတုန်း တစ်ဝက်မှာ ကျနော် ထွက်သွားတယ်။ အခု သူတို့ ဆေးတက္ကသိုလ်တွေ၊ ရေကြောင်းတွေ၊ တချို့က စင်ကာပူမှာ၊ အမေရိကမှာ၊ အားလုံး အဆင်ပြေနေကြပြီ။ ကျနော်ကတော့ ဘာမှ ဖြစ်မလာဘူး။ ကျနော်နဲ့ အတူ ကျောင်းတက်ခဲ့ကြတဲ့ နယ်စပ်က သူငယ်ချင်းတွေ၊ သူတို့ လုပ်နေကြတုန်း တစ်ဝက်မှာ ကျနော် ထွက်သွားရပြန်တယ်။ နောက် အခု သူတို့ General Education Development စာမေးပွဲကို ဖြေကြတော့မယ်။ သူတို့ အောင်သွားကြမယ်။ ကျနော်ကတော့ အခုထိကိုပဲ ဘာမှဖြစ်မလာဘူး။

ကျနော် လိုချင်တဲ့ အရာတွေလည်း ကျနော့်မှာ ဘာမှမရှိဘူး။ ဖြစ်ချင်တာထက် ဖြစ်သင့်တာပဲ အမြဲတမ်း ရွေးနေတဲ့ ကြားထဲကကို ကျနော့်မှာ ဘာမှ ဖြစ်မလာဘူး။ ကျနော် ကြိုက်တဲ့ family guy ကာတွန်းထဲက Stewie ဆိုတဲ့ ကလေးလေးကို သူ့အမေ Lewis က သူမကြိုက်တဲ့ broccoli ကို ခက်ရင်းနဲ့ ထိုးပြီး "လေယဉ်ပျံကြီး လာပြီ ပါးစပ်ဟပါဦး ဆိုပြီး" ချော့ကျွေးတာကို...

Damn you! Damn the broccoli! Damn the Right Brothers!

လို့ပြောတဲ့ ပုံစံအတိုင်း...

Damn the SPDC! Damn the Education systems! Damn my life!
လို့ပဲ ပြောရပါတော့မယ်။ တကယ်တော့ ကျနော် ကိုယ်တိုင်ကိုက အချိန်မဟုတ် အခါမဟုတ်မှာ လောကထဲကို ၀င်လာခဲ့တာကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။

ကျနော် Game programmer ဖြစ်ချင်တဲ့ စိတ်လေးကလည်း အခုနောက်ပိုင်း နည်းနည်းလေး လေ့လာ လိုက်တော့ ကျနော် သိပ် စိတ်ဓါတ်ကျသွားတယ်။ ဒီလောက် ရှုပ်ထွေးတာဆို ကျနော် ဖြစ်နိုင်မယ် မထင်ဘူး ဆိုပြီး Animation ပဲ လုပ်မယ်စဉ်းစားတော့ ကျနော့်မှာ အဲဒီတစ်ခုတည်းနဲ့ ဘ၀မှာ ရပ်တည်နိုင်မလား ဆိုတာ ကလည်း ရှိသေးတယ်။ အဲဒါမရရင် တခြား ဘာလုပ်မယ် ဆိုတာလည်း မစဉ်းစားထားတော့ အတိ ဒုက္ခ ရောက်နေတယ်လို့ ပြောရပါမယ်။ အခုနေ ဒီအတိုင်း ကောလိပ်ဝင်ခွင့် ပေးပြီဟေ့ ဆိုရင်တောင် ကျနော် ဘာတက်ရမယ် ကျနော် မသိပါဘူး။

ဘ၀ရဲ့ ရည်မှန်းချက်တွေ တန်းစီပြောရရင် အယုတ်စွအဆုံး ဂိမ်းကောင်းကောင်း ကစားလို့ ရတဲ့ ကွန်ပျူတာ ကောင်းကောင်းလေး ကိုင်ဖို့၊ ဂစ်တာလေး တစ်လက် ရှိဖို့ လိုမျိုးတောင် မပြည့်မီသေးတာ ကျန်တဲ့ဟာတွေ ထပ်မပြောတော့ပါဘူး။ လောလောဆယ် ၁၈နှစ် ပြည့်ပြီ၊ အောက်မှာလည်း ညီနဲ့ ညီမ ရှိသေးတယ် ဆိုတော့ သေချာတာကတော့ ကျနော့်အနေနဲ့ နောက်ထပ် ၂ နှစ်အတွင်းမှာ အိမ်က ထွက်ပြီး ကိုယ့်ဟာကိုယ် ရပ်တည်နိုင်မှ နည်းနည်းလေး မျက်နှာပန်း လှဖို့ ရှိပါတယ်။

ကျနော့် မိသားစုနဲ့ ကျနော်နဲ့ကလည်း နည်းနည်း ဝေးဝေးလေး နေမှ အဆင်ပြေမယ် ထင်မိတယ်။ ကျနော် သတိထားမိ သလောက် အမေနဲ့ ကျနော် အဆင်အပြေဆုံး၊ ကာလတွေဟာ ကျနော် မိသားစုနဲ့ ခွဲပြီး နယ်စပ်မှာ ကျောင်းသွားတက်နေတုန်း ကာလလို့ ဆိုရမယ် ထင်မိတယ်။ အမေ တခါတလေ လာလည်တာပဲ ဖြစ်ဖြစ်၊ အွန်လိုင်းပေါ် တွေ့ရင်ပဲ ဖြစ်ဖြစ်၊ စကားပြောရင် ချောနေတာပဲ။ သားအမိ နှစ်ယောက် ချစ်ချစ်ခင်ခင်ပေါ့။ အိမ်မှာ ဆိုရင်တော့ ကျနော့်လို ဘာမှလည်း မပြော ဘာမှလည်း မလုပ်တဲ့ အကျင့်နဲ့ အမေလည်း စိတ်ဖိစီးတာနဲ့ အော်သံတွေ ထွက်ထွက်လာ တတ်ပါတယ်။ ကျနော်လည်း အဲလို အအော်ခံရတာ မပျော်ပိုက်တာ အမှန်ပါ။ နီးနီးနေတယ်ဆို ကျနော့် ပုံစံကို သူတို့ သည်းမခံနိုင်ကြဘူး ထင်မိပါတယ်။ အမေတို့က လုပ်ဖို့ လိုအပ်တယ်လို့ ထင်တဲ့အရာတွေကို ကျနော်က မလိုအပ်ပါဘူး လို့ ထင်တာမျိုး အဲလိုမျိုးတော့ ရှိတာပေါ့။

ကျနော် တကိုယ်ကောင်း ဆန်တာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ကျနော် တကိုယ်ကောင်း ဆန်တာဟာ သူများဟာတွေကို ကိုယ့်အတွက် ဆိုပြီး လုယူတာမျိုး မဟုတ်ပဲ ကိုယ့်ဟာကိုယ် အနားမှာ ရှိတဲ့ ပြဿနာတွေကို မေ့ပျောက်ပြီး ကိုယ့်ဟာကိုယ် ဖာသိဖာသာ နေတတ်တာမျိုး ဖြစ်ပါလိမ့်မယ်လို့ ကိုယ့်ဟာကိုယ် ထင်ပါတယ်။

ကျနော် လုပ်ဖို့မလိုအပ်ဘူးလို့ ထင်တဲ့အရာကို ခိုင်းပြီး ကိုယ့်အသိစိတ်နဲ့ ကိုယ် လုပ်ရမှာကို ရှာလုပ်လို့ ပြောတော့ ရေမကူးတတ်ပါဘူး ဆိုမှ ဘာတွေ ဘယ်လို ကူးရမယ် မပြပဲ ရေကူးကန်ထဲ ကန်ချတာနဲ့ အလားသဏ္ဍန်တူတယ်။ ကျနော်က ဘယ့်နှယ့် သိမှာတုန်း။ မလိုအပ်ဘူး ထင်လို့ မလုပ်ပဲ နေမိရင် အဲဒီမှာက ပြဿနာ စပြီ။ အဲဒီတော့ ရေနစ်အသေခံနေရုံက လွဲလို့ ကျနော့်အနေနဲ့ ဘာမှ မတတ်နိုင်ပါဘူး။ ကိုယ်လည်း အလုပ်လေး ဘာလေး ရပြီး မိသားစုကို အနည်းငယ် ထောက်ပံ့နိုင်ရင်တော့ နည်းနည်း အေးအေးဆေးဆေး နေနိုင်မလား မျှော်လင့်မိ ပါတယ်။ ကျနော့် အမှားတွေလည်း ရှိပါတယ်လေ...

အသေးစိတ် မရေးတော့ပါဘူး။ ကျနော့်အမြင်ကို ထုံးစံအတိုင်း ဘယ်သူမှ နားမလည်ပေးကြမဲ့ အတူတူ ကျနော် အဲဒီပိုစ့်တွေ ထပ်မရေးဖြစ်တော့တာ ကြာပါပြီ။ အမေပဲ မှန်ပြီး ကျနော်ပဲ မှားမှာပါပဲ။ အမေက အမေကိုး။

အဲဒီ ကိုယ့်ဟာကိုယ် ရပ်တည်ရတော့မဲ့ အချိန် မတိုင်ခင် အသက်မွေးဝမ်းကျောင်း ပညာ တစ်ခု ရအောင် ဘယ့်နှယ့် လုပ်နိုင်မယ် ဆိုတာကိုတော့ ကျနော် မစဉ်းစား တတ်တော့ပါဘူးဗျာ... ကျနော့် အနေနဲ့ကလည်း အိမ်က ခွဲပြီး ကိုယ့်ဟာကိုယ် ရပ်တည်တယ် ဆိုမှတော့ မိဘဆီက အကူအညီ မျှော်လင့် နေရင် ဘာများ ထူးတော့မှာလဲလို့ ထင်မိတယ်။

စိတ်ကူးယဉ်တတ်တဲ့ လူတစ်ယောက် အနေနဲ့ ကိုယ် ဖြစ်ချင်ခဲ့တဲ့ အရာတွေဟာ တစ်ခုမှ ဖြစ်မလာနိုင်တော့ သလို အိပ်မက်တွေ ပြိုပြို ကျလာခဲ့တာဟာ အင်မတန်မှကို ခံစားရခက်ပါတယ်။ ကျနော် အခု တွေးတဲ့ဟာတွေလည်း နောက် ဖြစ်လာမှာ မဟုတ်ပါဘူး။ အဲလို ဖြစ်မလာမဲ့ အတွက်လည်း ကျနော့်ဘ၀ကို ကျနော် မအံ့သြတော့ပါဘူး။ ကျနော့်ဘ၀မှာ ဘာဖြစ်မယ်ဆိုတာ ကျနော်ဘယ်တုန်းကမှ ရိပ်ရိပ်လေးတောင် ကြိုတင် မခန့်မှန်းနိုင်ခဲ့ဘူး။ ရှေ့ရေးကို တွေးတွေးနေရရင် ကျနော် အသက် ၁၈နှစ်ပြည့် မွေးနေ့မှာ စိတ်ဓါတ်ကျပြီး ကိုယ့်ဟာကိုယ် သတ်သေမိလိမ့်မယ်။ ကျနော် သတ်မသေမိအောင် ဂိမ်းတွေက ကျနော့် သက်တမ်းကို ဆွဲဆန့်ထားပေးကြတယ်။ အခု ဒီပိုစ့်ကို ဒီမှာပဲ အဆုံးသတ်တာပေါ့။

စာဖတ်သူအတွက် ကတော့ အခုလို ကျနော် ပြောချင်ရာတွေ ပြောခွင့်ပေးပြီး ပြောထားတာတွေ ဆုံးအောင် ဖတ်ပေးတာဟာ ကျနော့် အတွက် အကောင်းဆုံး မွေးနေ့လက်ဆောင်ပဲလို့ ထင်မိပါတယ်။

Sunday, March 08, 2009

EMO

အီမို ဆိုတာဟာ ကျနော်တို့ မြန်မာပြည် တွင်းမှာရော မြန်မာ လူငယ်တွေကြား ခုနောက်ပိုင်းမှ တဟုန်ထိုး ရေပန်းစားလာခဲ့တဲ့ ၀တ်စားဆင်ယင်မှု ပုံစံနဲ့ ယဉ်ကျေးမှု တစ်ခုဖြစ်ပါတယ်။ ကျနော်တို့ ခေတ်တုန်းက အဲဒါ မရှိခဲ့ပါဘူး။ ရပ်ပ (Rapper) ဆိုတဲ့ ဟာတွေနဲ့ ပန့်ခ် (Punk) တွေပဲ ရှိခဲ့ပါတယ်။ အဲဒီတော့ ကျနော့် သူငယ်ချင်း တော်တော်များများပါ အဲဒီ မျက်ကွင်း ညိုညိုနဲ့ အီမိုဆိုတဲ့ ပုံတွေ တင်လာကြတော့ ကျနော်လည်း ဘာမှမသိတဲ့လူ တစ်ယောက်အနေနဲ့ နည်းနည်း ဟိုဖတ် သည်ဖတ် လုပ်ကြည့်မိပါတယ်။

အဲလို အကောင်မျိုးတွေ ကျနော် မြင်ဖူးတာဟာ ကျနော် နားထောင်တဲ့ My Chemical Romance တစ်ခုတည်းပဲ ရှိပါတယ်။ တခြား အဲဒီ Emo လို့ ထင်ရတဲ့ ပုံစံ ၀တ်စားဆင်ယင် ထားတဲ့ အဆိုတော်တွေ တစ်ယောက်မှ မမြင်ဖူး ခဲ့ပါဘူး။ မြန်မာပြည်ရဲ့ အောင်မြင်နေတဲ့ အဆိုတော်တွေ ကြားမှာလဲ အဲလို Emo အဆိုတော် ဆိုတာ တစ်ယောက်မှ ပေါ်မလာသေးဘူးလို့ ခန့်မှန်းပါတယ်။ မျက်လုံးထဲမယ်... ကိုလေးဖြူကြီး မျက်ကွင်းညိုညိုနဲ့ တီရှပ် အနက် ကျပ်ကျပ်လေး ၀တ်ပြီး သီချင်းဆိုနေတာ မြင်ယောင်မိသေး။ အခုတော့ ဟိုကြည့်လည်း မျက်ကွင်းက ညိုညို၊ သည်ကြည့်လည်း မျက်လုံးတစ်လုံးကို ဆံပင်နဲ့ ဖုံးထားတဲ့ ပုံတွေ၊ မျက်လုံးကလည်း သွေးမျက်ရည်တွေ ကျလို့... တွေ့တွေ့နေရတော့ ကျနော်လည်း အင်း... ငါအဲဒါနဲ့ ပတ်သက်လို့ မသိရင်တော့ ခေတ်မမီဘူး ဖြစ်ချေတော့မယ် ဆိုပြီး စူးစမ်းချင်စိတ် ပေါ်လာခဲ့တယ်။ အဲလိုနဲ့ Wekipedia ကို ရောက်သွားပါတယ်။

Emo ဟာ Hardcore Punk ဆိုတာနဲ့ Pop Punk ကျနေ ဆင်းသက်လာပြီး အမေရိကမှာ စတင်တဲ့ ဂီတ ဖြစ်ပါတယ်။ ၁၉၇၅ ခုနှစ်မှာ အင်္ဂလန်ကနေ စတင်ခဲ့တဲ့ Punk ဂီတကနေ အမေရိကမှာ လာရောက် ခွဲထွက်တဲ့ ဂီတ အမျိုးအစား တစ်မျိုး ဖြစ်ပါတယ်။ Hardcore Punk ဆိုတာနဲ့ ပတ်သက်လို့တော့ နားမထောင်ဖူးပေမဲ့ Pop Punk အနေနဲ့တော့ အခုခေတ် Greenday ဟာ ဥပမာကောင်း တစ်ခု ဖြစ်နိုင်ပါမယ်။ ၁၉၈၀ ကာလများမှာ အဆိုပါ ဂီတကို Hardcore Punk ကနေ တိုက်ရိုက် ဆင်းသက်တဲ့ ဂီတ အမျိုးအစား တစ်ခုအဖြစ် Emotional Hardcore လို့ ခေါ်တွင်ခဲ့ကြပါတယ်။ သူကနေမှ ခွဲခြား ဆင်းသက်တာကတော့ Screamo ဆိုတဲ့ ဂီတ ဖြစ်ပါတယ်။

အဲဒီဂီတအတွက် Underoath ဆိုတဲ့ အဖွဲ့ရဲ့ When the sun sleeps ဆိုတဲ့ သီချင်းကို နားထောင်ကြည့်ရအောင်... အတော်များများကို ဘာဆိုနေမှန်း မသိတာလေးက လွဲရင် နားထောင်လို့ ကောင်းတဲ့ သီချင်းလို့ ဆိုရပါမယ်။ Korn လိုမျိုး တစ်ပုဒ်လုံး ဘာမှန်းမသိတာမျိုး မဟုတ်တော့ တော်သေးတယ် ပြောရပါမယ်။



၁၉၈၅ ကနေ ၁၉၄၄ ကို ပထမ လှိုင်းအဖြစ် သတ်မှတ်တယ် ဆိုတဲ့အတွက် အတွက် အဲဒီထဲက အဖွဲ့ တစ်ဖွဲ့ကို နည်းနည်း ရှာဖွေ နားထောင်ကြည့်ပါတယ်။ Summer Revolution ဖြစ်ပါတယ်။ အောက်မှာ နားထောင်ပါ။ စလုပ်တဲ့ လူချင်းယှဉ်ရင် ကျနော့် အမြင်အရဆို Punk ဂီတ ရဲ့ ဦးစီးဦးဆောင် ဖြစ်တဲ့ Sex Pistols က ဒီ Emo ရဲ့ အစဆိုတဲ့ အဖွဲ့ထက် ပိုနားထောင်ရ အဆင်ပြေတယ်လို့ ပြောရမယ်ထင်ပါတယ်။



နားထောင်ကြည့်ပြီးပြီဆို ကျနော်တို့ ဒုတိယလှိုင်း ဖြစ်တဲ့ ၁၉၉၄ ကနေ ၂၀၀၀ အထိ လိုင်းထဲက အဖွဲ့ တစ်ဖွဲ့ လောက် အစမ်း နားထောင် ကြည့်ကြရအောင်... အဲဒီထဲမှာ Weezer ကိုပါ ထည့်ထားပါတယ်။ Weezer ကို Emo အဖွဲ့ တစ်ဖွဲ့အနေနဲ့ ကျနော် ဘယ်တုန်းကမှ မမြင်ခဲ့ဖူးပါဘူး။ အဲဒီတော့ နားယဉ်ပြီးသား Weezer ကို ပြန်နားထောင်မဲ့အစား ကျနော် Sunny Day Real Estate ဆိုတဲ့ အဖွဲ့ရဲ့ သီချင်းတွေ ရှာ နားထောင်ကြည့် ဖြစ်ပါတယ်။ သူတို့ အဖွဲ့ရဲ့ Seven ဆိုတဲ့ သီချင်းလေးပါ။



ကျနော့် အမြင်တော့ နားထောင်ရ အဆင်ပြေတယ်လို့ ပြောရပါမယ်။ ပထမ လှိုင်းအတွက် ဆိုပြီး ကျနော် ရှာဖွေ နားထောင်တဲ့ သီချင်းထက်စာရင် အများကြီး နားထောင်ရ ပိုအဆင်ပြေလာတာ တွေ့ရပါတယ်။ ကိုယ့်ခေတ်နဲ့ပဲ ပိုပြီး နီးကပ်လာလို့လားတော့ မသိပါဘူး။ နောက်ဆုံး သက္ကရာဇ် ၂၀၀၀ ကနေ ယနေ့ထိ လို့ သတ်မှတ်ထားတဲ့ ပင်မရေစီး Emo ဂီတ အတွက် ပေးထားတဲ့ အဖွဲ့တွေထဲက Further Seems Forever ရဲ့ The Sound ဆိုတဲ့ သီချင်းကို အောက်မှာ နားထောင်ကြည့်ရအောင်...



သူလည်း မဆိုးပါဘူး။ နားထောင်ရတာ ပိုအဆင်ပြေတယ်။ ပုံမှန် rock သီချင်း တစ်ပုဒ်နဲ့ ထူးထူးခြားခြား ကွဲပြားခြားနားတဲ့ တီးခတ်မှု ပုံစံ မတွေ့ရပါဘူး။ စာသားတွေကတော့ Emo ထုံးစံလား ဒီတစ်ပုဒ်တည်း မို့လားမသိ ခပ်ဆွေးဆွေး စာလုံးတွေပေါ့။ ဒီလောက်ပါပဲ။ နောက်ဆုံးအနေနဲ့ အခု ကာလမှာ နာမည်ကြီးနေတဲ့၊ Emo ဂီတ ကနေ တိုးတက်လာတာလို့ ခေါ်နိုင်တဲ့ My Chemical Romance ရဲ့ Black Parade ဆိုတဲ့ သီချင်း နားထောင်ကြည့်ပါ။ အဲဒီမှာမှ အဲဒီ မျက်ကွင်းညိုညိုနဲ့ လူတွေကို စတွေ့ရပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီ အဖွဲ့ရဲ့ အဆိုတော် ကိုယ်တိုင်က သူတို့ band ဟာ ဘယ်တုန်းကမှ Emo မဟုတ်ခဲ့ပါဘူးလို့ အင်တာဗျူး တစ်ခုမှာ အတိအလင်း ဆိုပါတယ်။




ဝတ်ဆင်မှု ပုံစံ အနေနဲ့ကတော့ ယောင်္ကျား မိန်းမ မခွဲခြားနိုင်တဲ့ ဂျင်းဘောင်းဘီ အရှည် ကျပ်ကျပ်၊ ဆံပင် အဖြောင့်၊ အနက်ရောင်ပဲ များတယ်။ မျက်လုံးမှာ သိကြတဲ့အတိုင်း အနက်ရောင် ဆိုးကြပါတယ်။ ကိုယ်ကျပ် တီရှပ်တွေ ၀န်ဆင်ပြီး များသောအားဖြင့် သူတို့ အားပေးတဲ့ တီးဝိုင်းရဲ့ အမည်၊ အမှတ်အသား ပါတတ်တယ်။ Emo ပုံစံဟာ တဖြည်းဖြည်း အနက်ရောင်ဖက်ကို သမ်းလာပါတယ်။ ကြာတော့ Emo Fashion ကိုယ်၌က အနက်ရောင်ကို ကိုယ်စားပြုသလို ထင်လာရတယ်။ ခံစားမှုပြင်းထန်၊ ဆတ်ဆတ်အထိမခံ၊ ရှက်တတ်တာရော... စိတ်ဓါတ်ကျမှု၊ ကိုယ့်ကိုယ်ကိုယ် ဒါဏ်ရာရအောင် ပြုလုပ်မှုနဲ့ ကိုယ့်ဟာကိုယ် သတ်သေမှုကိုလည်း ကိုယ်စားပြုတယ်လို့ ဆိုပါတယ်။

ဒါကတော့ ဆိုရရင် စိတ်ရောဂါ တစ်ခုပဲလို့ ဆိုရမဲ့ သဘောမှာ ရှိပါတယ်။ Emo မဂ္ဂဇင်းများဟာ ကိုယ့်ကိုယ်ကိုယ် နာကျင်အောင် လုပ်မှုတွေ၊ ကိုယ့်ဟာကိုယ် သတ်သေမှုတွေကို အားပေးတယ်လို့ ဆိုပါတယ်။ အင်တာနက်ပေါ်မှာလည်း ပန်းရောင် ၀က်ဝံရုပ်ကလေးတွေ ကိုယ့်ဟာကိုယ် ဆွဲကြိုးချ သေနေကြတဲ့ အရုပ်တွေနဲ့ Emo အင်တာနက် စာမျက်နှာတွေ တွေ့နိုင်ပါမယ်။
Self Hanging Emo cult အစုအဖွဲ့ တစ်ခုထဲက Hannah Bond ဆိုတဲ့ ကောင်မလေးကတော့ ကိုယ့်ကိုယ်ကိုယ် ဆွဲကြိုးချ သတ်သေသွားခဲ့ပါတယ်။

သူဟာ အစကတည်းက ကိုယ့်ကိုယ်ကိုယ် နာကျင်၊ ဒဏ်ရာရအောင် ပြုလုပ်တဲ့ Emo အစုအဝေးက ဖြစ်ပြီး သတ်သေမဲ့ နေ့က သူ့ အမေနဲ့ စကားများပြီး "I feel like killing myself" လို့ ပြောသွားပါတယ်။ နောက် တစ်နာရီ ကြာတဲ့ အခါမှာတော့ သူ့အခန်းထဲမှာ ဆွဲကြိုးချပြီး သေနေတာ တွေ့ရပါတယ်လို့ ဆိုပါတယ်။ သူမရဲ့ Bebo ဆိုတဲ့ Social Network စာမျက်နှာ တစ်ခုမှာတော့ လက်ကောက်ဝတ်မှာ သွေးတွေထွက်နေတဲ့ Emo အမျိုးသမီး တစ်ယောက်ပုံ တင်ခဲ့တယ်လို့ သိရပါတယ်။

အဲလိုအကြောင်းတွေကြောင့် ရုရှနိုင်ငံမှာ Emo အင်တာနက် စာမျက်နှာတွေကို ဂရုတစိုက် စိစစ်ခြင်းနဲ့ အစိုးရ အဆောက်အဦးတွေမှာ Emo ၀တ်စား ဆင်ယင်မှုတွေကို တားမြစ် ပိတ်ပင်တဲ့ ဥပဒေ ရှိနေပါတယ်။ Emo ဓလေ့စရိုက်ကို... လူ့အဖွဲ့အစည်းမှ ရှောင်ဖယ် ထွက်ပြေးမှု၊ စိတ်ဓါတ်ကျခြင်း၊ လူ့အဖွဲ့အစည်းအတွင်း တည်ရှိမှုကို ဆန့်ကျင်ခြင်း နဲ့ နောက်ဆုံး ကိုယ့်ကိုယ်ကိုယ် ဒါဏ်ရာရအောင် ပြုလုပ်တာတွေ၊ သတ်သေတာတွေအထိ ဖြစ်နိုင်တယ်လို့ ယူဆပြီး အန္တရာယ်ရှိတယ်လို့ သတ်မှတ်ခဲ့ပါတယ်။

Thursday, March 05, 2009

WBURF (2/2009)

မြန်မာနိုင်ငံလုံး ဆိုင်ရာ ပူးပေါင်း တော်လှန်ရေး အင်အားစု ကနေ ကြေငြာချက် (၂/၂၀၀၉) ကို ထုတ်ပါတယ်။ အဲဒါကို ကျနော် မျိုးချစ်မြန်မာ ဘလော့ဂ်မှာ သွားရောက် ဖတ်ရှုပြီး ငါလိုချင်တာ ဒါကွလို့ ထအော်မိတော့ မတတ် ဖြစ်ရပါတယ်။ အောက်ပါ လင့်ခ်မှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်။

http://myochitmyanmar.org/publishing/2008-07-25-07-54-49/1926-wburf-

"ရန်ကုန်မြို့အတွင်း မတ်လ ၃ရက်နေ့ ညက ပြုလုပ်ခဲ့သည့် ဖောက်ခွဲရေးမှာ မိမိတို့ အဖွဲ့၏ အာဏာရှင် အုပ်စုအား ဖယ်ရှားရေးအတွက် ပထမ အဆင့် ခြေလှမ်း ဖြစ်ပြီး ရှေ့ဆက်၍လည်း ထပ်ခါ ထပ်ခါ တဆင့်ပြီး တဆင့် အရှိန်မြှင့် လုပ်ဆောင်သွားရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။"

ဒီအတိုင်းသာ အဆင်ပြေပြေ ဆက်လုပ်သွားနိုင်မယ် ဆိုရင်တော့ ဒီလိုပဲ သူတို့ရဲ့ အွန်လိုင်း ၀ါဒဖြန့်ချိရေး ယန္တယားထဲမှာ ကျနော်လည်း အခုလိုပဲ တစ်ထောင့် တစ်နေရာကနေ ကြော်ငြာပေးမှာပေါ့လေ...