အရင်တုန်းက ဖတ်ဖူးတဲ့ ဟာသ တစ်ခု သတိရတယ်။
တခါက လူတစ်ယောက်ဟာ မိုးသည်းသည်းမည်းမည်း ရွာနေတဲ့ ညဖက်ကြီးမှာ မြင်းတစ်ကောင် စီးပြီး ခရီးသွား နေရင်း လမ်းပျောက်နေရောတဲ့။ အဲဒီအခါ သူက နားခိုရာလည်း မရှိတော့ စမ်းတ၀ါးဝါးနဲ့ လမ်းသလား နေရ ရှာတယ်။ ဒါပေမဲ့ ရုတ်တရက် "ဂျိန်း" ခနဲ နားကွဲမတတ် ဆူတဲ့ မိုးကြိုးပစ်သံနဲ့ အတူ လျှပ်စီးလေး လက်ခနဲ လာတော့ သူလည်း သွားရမဲ့ လမ်းကို ခပ်ဝါးဝါးလေး မြင်လိုက်ရတယ်။ အဲလိုနဲ့ ဆက်သွားနေရင်း ဒုတိယ အကြိမ် မိုးကြိုး ထပ်ပစ်တော့ သူက မြင်းပေါ်ကဆင်း၊ မြက်ခင်းပေါ် ဒူးထောက်ပြီး... "ကျနော့်ကို လမ်းပြပေးတဲ့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ နောက်တစ်ခါကျရင် အလင်းကို ခပ်များများနဲ့ အသံလေး နည်းနည်း လျှော့ပြီး ပြတော်မူပါလားခများ..." လို့ အော်ဟစ် ဆုတောင်းလိုက်တယ်။
ကျနော်ဟာ အလင်းယောင်တော့ တစ်ခါမှ မပေးနိုင်ပဲ မိုးကြိုးတစ်ခါတလေ ၀င်ဝင်ပစ်တဲ့ အထဲမှာပါပါတယ်။ အဲဒါကြောင့်လည်း မသေရဲ၊ မစွန့်ရဲ၊ မတိုက်ရဲလို့ မြန်မာပြည်နဲ့ မိုင်ပေါင်းများစွာ ကွာဝေးတဲ့ အရပ်ကို ရောက်နေပြီး ဘလော့ဂ်ရဲ့ ခေါင်းစဉ်အတိုင်း ခုထိ Htoo Myat is nothing ပါပဲ။ အဲဒီတော့ ကျနော် မိုးကြိုးလေး ပစ်ပြီးတော့ ပြောနေကျ ဂိမ်းအကြောင်းတွေပဲ ဆက်ပြောပါမယ်။ :)

အောက်က ပိုစ့်တစ်ခုမှာ Freedom Fighters ဆိုတဲ့ ဂိမ်းနာမည်နဲ့ အကြောင်းအရာကို နည်းနည်း ထည့်ရေးခဲ့တယ် ထင်ပါတယ်။ အဲဒါကို ကျနော် ဆော့ဖြစ်တာ သိပ်မကြာသေးပါဘူး။ ကျနော် ပြောနေကျ အတိုင်း ကျနော်ဟာ Real Time Strategy ဂိမ်းတွေပဲ ဆော့တာများပါတယ်။ ဗျူဟာဂိမ်း ဆော့တဲ့ လူတစ်ယောက် အနေနဲ့ တစ်ကိုယ်တော် သေနတ်ပစ် ဂိမ်းတွေ ဆော့လေ့ မရှိပါဘူး။ ဒီတစ်ခုကတော့ အနည်းငယ် ကွာခြားပါတယ်။
Freedom Fighters ဟာ Third Person Shooter ဂိမ်းပါ။ ကျနော် နားလည်သလောက်လေး ရှင်းပြရရင် First Person Shooter ဂိမ်း ဆိုတာဟာ Counter strike လိုမျိုး ကိုယ်က ကိုယ် ထိန်းချုပ်ရတဲ့ ဇာတ်ကောင် ရဲ့ မျက်လုံးက မြင်ရသလို မြင်ရပြီး ဆော့ရတာပါပဲ။ Third Person ပုံစံကကျတော့ ကိုယ်က ကိုယ့် ဇာတ်ကောင် တစ်ကိုယ်လုံးကို နောက်ကနေ မြင်ရပါတယ်။ ကိုယ်က အဲဒီလူကို ထိန်းပြီး ကစားရတယ်။ အဲလို ပုံစံတွေကို လိုသလို ပြောင်းလို့ ရတဲ့ ဂိမ်းလည်း ရှိပါတယ်။ ကျနော် မကစားဖူးပဲ ကြားပဲ ကြားဖူးတဲ့ ဂိမ်းနဲ့ ဥပမာ ပေးရင် မမှန်မှာစိုးလို့ Need For Speed နဲ့ပဲ ဥပမာပေးပါတယ်။ အဲဒီထဲမှာ ကားကို ကိုယ်က အပြင်ကနေ Third person ပုံစံနဲ့ ကြည့်ပြီး ကစားလို့ ရသလို First person အနေနဲ့ ကိုယ်က တကယ် ပြိုင်ကားထဲမှာ ၀င်ပြီး ထိုင်မောင်းနေသလိုလည်း မြင်ရအောင် Camera အနေအထား ပြောင်းလို့ရပါတယ်။
ကျနော် Freedom Fighters ကို Loading အချိန်တွေ ထည့်မတွက်ရင် စုစုပေါင်း သုံးနာရီလောက်ပဲ အချိန်ယူပြီးတော့ ဂိမ်း အစကနေ အဆုံးထိ ဆော့လို့ ပြီးသွားခဲ့ပါတယ်။ တော်တော်လေးကို ဆော့လို့ ကောင်းတဲ့ ဂိမ်းပါလို့ပဲ ညွှန်းချင်ပါတယ်။ ဇာတ်လမ်းကတော့ ပြောခဲ့ဖူးတဲ့အတိုင်း ဆိုဗီယက်တွေ သိမ်းထားတဲ့ New York ကို ပြန်တိုက်ယူတဲ့ မြေအောက် လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ရဲ့ ဇာတ်လမ်း သဘောမျိုးပါ။ သူက အမှန်တကယ်တော့ တစ်ကိုယ်တော် ပစ်ခတ်တိုက်ပွဲဝင်တဲ့ ဂိမ်းမဟုတ်ပါဘူး။ ကိုယ်က တော်လှန်ရေး အလုပ်တွေကို ကောင်းကောင်း လုပ်နိုင်လာတာနဲ့အမျှ အဖွဲ့သား တွေရဲ့ လေးစားမှုက တိုးလာပြီး ကိုယ့်အောက်မှာ ကိုယ်က အမိန့်ပေးနိုင်တဲ့ အခြား သူပုန်တွေ ရှိလာပါမယ်။
အဲဒီမှာ သဘောကျစရာကောင်းတဲ့ အချက်တွေက... ရှုံးဖို့ဆိုတာ အတော်လေး အခွင့်အလမ်း နည်းပါတယ်။ သူက ရောက်နေတဲ့ အခန်းကနေ ပြန်ပြန် စနိုင်တဲ့အတွက်ပါ။ ဒါပေမဲ့ တခါတလေ ကျရင် လမ်းရှာရတာ အင်မတန် ခက်ခဲပါတယ်။ အဲလိုမျိုးတော့ ရှိပါတယ်။ အဲဒီ ဂိမ်းထဲမှာ တကယ့် အပြင်လောကနဲ့ မတူတာ မျိုးကတော့ တော်တော်လေး ရှိနေပါသေးတယ်။ သေနတ် အချက်ပေါင်းများစွာ မှန်လည်း မသေတာမျိုးပေါ့။ အဲလိုမျိုး အားနည်းချက်တွေ မရှိပြန်ရင်လည်း ကစားလို့ကောင်းတဲ့ ဂိမ်းတစ်ခု ဖြစ်လာမှာ မဟုတ်တော့ ခက်ပါတယ်။ ဒါပေမဲ့ အဲဒါတွေကို ဂရုမစိုက်ရင်တော့ တော်တော်လေးကို ကစားလို့ကောင်းတဲ့ ဂိမ်းလို့ ပြောနိုင်ပါတယ်။
အဲဒီထဲမှာ ကျနော် သဘောအကျဆုံး အခန်းတစ်ခု ညွှန်းရမယ်ဆို ဆိုဗီယက် ၀ါဒဖြန့်နေတဲ့ ရုပ်မြင်သံကြား ဌာနကြီးကို သိမ်းယူရတဲ့ အခန်းပါ။ နောက်မှ အဲဒီကနေ သူပုန်တွေက သူတို့ အခွေတွေကို လွှင့်တာပါ။ တကယ်ဆို အဲဒီအချိန်မှာ သူတို့ တော်လှန်ရေးရဲ့ အဓိက ခေါင်းဆောင် အမျိုးသမီး တစ်ယောက်က အဖမ်းခံထားရပါတယ်။ အဲဒီအချိန်မှာ

ဇာတ်လမ်းအရလည်း သိပ်မဆိုးပါဘူး။ ဆော့လို့လည်း ကောင်းတဲ့ ဂိမ်းပါ။ ဒါပေမဲ့ ဆက်တိုက် ဆော့လိုက် ရင်တော့ တော်ရုံတန်ရုံ Counter Strike နဲ့ အထွေထွေ အပစ်အခတ်ဂိမ်းတွေ ဆော့ထားတဲ့ အတွေ့အကြုံ ရှိပြီးသူတွေ ဆိုရင်တော့ ကျနော်ပြောခဲ့သလိုမျိုး ကစားချိန် စုစုပေါင်း ၃ နာရီလောက်နဲ့ ဂိမ်းတစ်ခုလုံး ပြီးသွားအောင် ဆော့နိုင်စွမ်း ရှိကြမယ်လို့ ထင်မိပါတယ်။ ဒါပေမဲ့ ဒီဂိမ်းဟာ လွန်ခဲ့သော် နှစ် အတော်များများက ဂိမ်းဖြစ်တဲ့အတွက် Half Life လောက်တော့ မဟုတ်ပေမဲ့ နည်းနည်းပါးပါးတော့ ဆော့ရင်းနဲ့ မူးတာမျိုး ရှိနိုင်ပါတယ်။ Graphics သိပ်မသေသပ်သလို ထင်ရလို့ပါ။

"ငါတို့ ရဲဘော် အသတ်ခံရမှာ စိုးလို့ ငါတို့ လုပ်ထားတာ ဆိုတာကို ထုတ်မပြောပဲ တိတ်တိတ် နေလိုက်ပါ့မယ်လေ..."ဆိုတဲ့ စိတ်မျိုးမထားပဲ...
"အစကတည်းက သေမယ်လို့ မှန်းပြီး လက်နက်ကိုင် တိုက်ပွဲဝင်ခဲ့တာပဲ။ အဲဒီ ဖမ်းခံထားရတဲ့ ရဲဘော် သေချင်လည်း သေပစေ ငါတို့ အောင်မြင်မှုကို ပြည်သူတွေ အားတက်သွားအောင် ပြည်သူတွေရှေ့မှာ ချပြမယ်"ဆိုပြီး လုပ်နိုင်တာမျိုးကို ကျနော် သဘောကျမိလို့ပါ။ အဲလိုတွေ လုပ်လိုက်ပြီးတဲ့နောက် ပြည်သူတွေ သူတို့ဖက်ကို အများကြီး ပါလာခဲ့ပါတယ်။ အဲဒီထဲက ဇာတ်ကောင် Chris ရဲ့ အကိုလည်း ဖမ်းခံရပြီး ကွန်မြူနစ် ဗိုလ်ချုပ်က သူ့ကို သတင်းစာ ရှင်းလင်းပွဲမှာ သူ့ညီကို အဖမ်းခံဖို့ ပြောခိုင်းပါတယ်။ သူ့အစ်ကိုက ပြောခိုင်း တာတွေ အားလုံးကို ပြောသွားပြီး နောက်ဆုံးကျမှ
"ငါ ခုဏ ပြောခဲ့တာတွေ အားလုံးက လိမ်တာ... မင်းလုပ်စရာ ရှိတာ ဆက်လုပ်"လို့ အော်လိုက်တာ နောက်တော့ သူလည်း အသတ်ခံလိုက်ရပါတယ်။ အခက်ဆုံး အခန်း ဆိုရင်တော့ အထဲက ဇာတ်ကောင်ရဲ့ အကိုကို သတ်လိုက်တဲ့ ဗိုလ်ချုပ်ကို Governor's Island မှာ တစ်ယောက်တည်း သွားလုပ်ကြံရတဲ့ အခန်းပါ။