Sunday, January 18, 2009

မမြင်နိုင်တဲ့ သေတ္တာ


ညကတော့ အရင်လိုပဲ မှောင်ပေမဲ့ ငါ့အတွက်တော့ သုံးဆလောက် ပိုပြီး နက်မှောင်တယ်။ ပြတင်းပေါက် ခန်းဆီးဟာ အရင်တုန်းကထက် ပိုမှိန်တဲ့ အလင်းရောင်လေးကို ထိုးဖောက် ၀င်ခွင့် ပြုထားတယ်။ မပိတ်တော့ပါဘူး။ မင်းက ၀ရန်တာမီးလေးတော့ ဖွင့်ထားမှ အိပ်လို့ ပျော်နိုင်တာ မဟုတ်လား။ ငါကတော့ အလင်းရောင် ရှိရင် အိပ်မပျော်တတ်လို့ ငါ့အကျင့်အတိုင်း ဘေးကို စောင်းအိပ်လိုက်တဲ့အခါ လက်ကလည်း အလိုလို ဆန့်ပြီး မင်းကို ရှာနေမိပြန်တယ်။ ဘေးနားက ခေါင်းအုံးကိုပဲ စမ်းမိတော့ အစားထိုး အနေနဲ့ ခေါင်းအုံးကိုပဲ ဖက်ထားမိတယ်။ ငါ့ဘ၀မှာ ခုတော့ ငါနဲ့အတူတူ ခေါင်းအုံးလေးပဲ ရှိတော့တယ်။

မနက် ကားကို မနက် ၈နာရီလောက် ခေါ်ထားတော့ စောစောလေး အိပ်မှ ဖြစ်မယ်။ ငါ့ကို အိပ်ခွင့်ပြုပါတော့လို့ မင်းကို တောင်းပန်ချင်တယ်။ ထုပ်ပိုးထားတဲ့ ပစ္စည်းတွေဟာ ငါ့အတွက် လွတ်မြောက်မှုကို မခံစားစေနိုင်ဘူး။ ငါကတော့ လွတ်မြောက်နိုင်မယ်လို့ ယုံတယ်။ မင်းရဲ့ အငွေ့အသက်တွေ၊ ပုံရိပ်တွေကနေ ငါ လွတ်မြောက်ချင်ပြီ။ ဒါပေမဲ့ ငါ တကယ်ပဲ လွတ်မြောက်ချင်တာလား ငါ့ကိုယ်ငါ လိမ်နေမိတာလား ဆိုတာကိုလည်း ကိုယ့်ဟာကိုယ် ဆုံးဖြတ်လို့ မတတ်ပြန်ဘူး။

မနက်ဖျန် မနက် နိုးလာရင် မင်းကြော်တတ်တဲ့ ထမင်းကြော် နံ့လေးကို ငါ အမြဲ ရပြန်ဦးမှာပဲ။ မီးဖိုဖက်ကို အရင်တုန်းကလိုပဲ ဗိုက်ဆာဆာနဲ့ ပြေးဝင်သွားမိပြန်ရင် မင်းကို ရှာမတွေ့သလိုပဲ မီးဖိုပေါ်မှာ ထမင်းကြော်အိုး ကိုလည်း ရှာမတွေ့ဘူး။ ငါ့ဟာငါ မကြော်တတ် ကြော်တတ်နဲ့ ကြက်ဥလေး ကြော်ပြီး မနေ့က ငါ နှစ်ယောက်စာ မှားချက်ထားလို့ ပိုနေတဲ့ ထမင်းကြမ်းတွေကို ဆီနဲ့ လှိမ့်ပြီးစားပြန်ဦးပေါ့ကွာ။

နောက် ရုံးသွားခါနီး ကျရင် အောက်ဆင်းခါနီး ငါကလွဲလို့ ဘယ်သူမှ ရှိမနေတဲ့ တိုက်ခန်းထဲကို ယောင်ပြီး နှုတ်ဆက်မိ ပြန်ဦးမှာ။ အောက်ကို ရောက်ပြန်ရင်လညှ်း တို့တိုက်ခန်းလေးကို ပြန်မော့ကြည့်ပြီး အခန်းက ခေါင်းလောင်း ကြိုးလေးကို မင်းများ ထွက်ကြည့်လေမလားလို့ ကြောင်ပြီး ဆွဲနေမိတာ ဘေးအိမ် ၀ရန်တာကနေ သူများ ထွက်ကြည့်မှပဲ သတိဝင်လာတော့တယ်။


ရုံးအပြန်ဆို ငါ အခွေဆိုင်ဝင်ပြီး မင်းကြိုက်တတ်တဲ့ ရုပ်ရှင်ကားလေးတွေ ငှားလာမိတယ်။ ရုပ်ရှင်က ရယ်စရာကောင်းတဲ့ ဇာတ်မြူးလေးပေမဲ့ ငါ့မှာ မျက်ရည်တောင် ၀ဲတယ်။ နှစ်ယောက် အတူ ကြည့်နေကျကို တစ်ယောက်တည်း ကြည့်ရတဲ့အခါ ရုပ်ရှင်က ဘာလို့များ လွမ်းစရာ ပိုကောင်းသွားသလဲ ဆိုတာ ငါ စဉ်းစားလို့ကို မတတ်တော့ပါဘူးကွာ။ တကယ်တော့ အလုပ်တွေ ဖိစီးလို့ တခါတလေမှ မင်းနဲ့အတူ ထိုင်ကြည့်ဖြစ်တာပါ။ တစ်ချိန်တုန်းက မင်း တစ်ယောက်တည်း ရုပ်ရှင် ထိုင်ကြည့်ခဲ့ရတဲ့ ညတွေဟာ ဘယ်လောက် အထီးကျန်မှန်း ငါ အခုမှပဲ နားလည် တတ်တော့တယ်။

မလွမ်းတတ်တဲ့ ရုပ်ကြီးနဲ့ မျက်နှာ တင်းတင်းထားပေမဲ့လည်း အိမ်နီးချင်းတွေရော၊ ရုံးက လူတွေရောကပါ ငါ့ကို သနားတဲ့ အကြည့်နဲ့ ကြည့်နေကြသလို ခံစားမိတယ်။ မင်းကို တခါတလေ သတိရဖြစ်သလားလို့ မေးတဲ့လူ ရှိရင် ငါ့မှာ လူရွှင်တော်များ အငြိမ့်မှာ ပျက်သလို မလွမ်းတတ်ပါဘူးကွာ လို့ ငိုသံကြီးနဲ့ ဖြေမိမှာစိုးလို့ မေးမဲ့လူ မရှိတာ ကျေးဇူးတင်မိတယ်။

ရုံးမှာ အလုပ်အဆင်မပြေတဲ့ အခါများဆို ငါ အိမ်ပြန်ရောက်လာရင် တစ်ခန်းလုံးကို ပတ်ပြီး တိုင်တည်စရာလူ လိုက်ရှာမိတယ်။ မင်း ရှိစဉ်တုန်းကဆို မင်း စိတ်ဝင် စားသလား မစားသလားမသိ ရေပက်မ၀င်အောင် ပြောပြနေမိခဲ့တာတွေပေါ့။

တစ်ခန်းလုံးကို လျှောက်ကြည့်ဖြစ်တဲ့ အခါဆို ၀ရန်တာပေါ်မှာ မင်းဝယ်ထားတဲ့ ပန်းအိုး သေးသေးလေးတွေ တန်းစီနေတာကို ငါတွေ့ရပြန်တယ်။ အလုပ်အားတဲ့နေ့မှ တူတူ စိုက်ကြမယ်နော် ဆိုပြီး ငါ ဘယ်တုန်းကမှ မအားနိုင်ခဲ့လို့ ဘယ်တုန်းကမှ မစိုက်ဖြစ်ခဲ့တဲ့ မင်းရဲ့ ပန်းအိုးလေးတွေပေါ့။ ဒါပေမဲ့ ငါ မနေ့က ရုံးပိတ်ရက်မှာ ရုံးက အလုပ်တွေ ယူမလာခဲ့ပဲ တစ်နေ့လုံး ငါ မစိုက်တတ် စိုက်တတ်နဲ့ စိုက်ခဲ့ပါတယ်ကွာ။

ခုတော့ ဒီပန်းပင်တွေလည်း ဒီအခန်းလေးနဲ့ပဲ ကျန်ခဲ့ပါတော့မယ်။ မင်းလိုပဲ ပန်းကြိုက်တတ်တဲ့ အိမ်ငှား မြန်မြန် ရောက်လာပြီး ငါ့အစား ဂရုစိုက် ပေးနိုင်ဖို့ ငါ မျှော်လင့်မိတယ်။ တကယ်တော့ ငါဟာ မင်းအတွက် ဘယ်တော့မှ အချိန်များများ မပေးနိုင်ခဲ့တာ ဖြစ်ပါလိမ့်မယ်။ ယုတ်စွ အဆုံး အခု မင်းရဲ့ ပန်းပင်လေးတွေကိုတောင် ငါ အချိန်မပေး နိုင်တော့ပြန်ဘူး။

အခုတော့ ငါတို့ အိမ်လေး တစ်လုံး ၀ယ်ဖို့ စုထားတဲ့ ပိုက်ဆံတွေဟာလည်း ဘာမှ အဓိပ္ပါယ် မရှိတော့ဘူး။ ငါတို့ အိပ်မက်ခဲ့တဲ့ ပျော်ရွှင်စရာ ဘ၀လေးတစ်ခုဟာလည်း ဘာမှ အဓိပ္ပါယ် မရှိတော့ဘူး။ တစ်ချိန်က လက်ရှိဘ၀ကို ပျော်ရွှင်အောင် မနေခဲ့ပဲ မရေရာတဲ့ အနာဂါတ်ကိုပဲ မျှော်မှန်းပြီး တစ်ချိန်လုံး အလုပ်နဲ့ နပမ်းလုံးခဲ့တဲ့ ငါ့ မိုက်မဲမှုတွေဟာလည်း အရည်မရ အဖတ်မရတွေပဲ ဖြစ်ကုန်ကြတယ်။ အမြဲတမ်း အတူတူရှိနေရအောင် လက်ထပ်ခဲ့ကြပေမဲ့ ငါတို့ဟာ တစ်အိမ်ထဲ နေကြပြီး ဝေးကွာခဲ့ကြတယ်။ မင်းကတော့ ဘာမှ မပြောခဲ့ပါဘူး။ အနာဂါတ်ကို မျှော်မနေနပဲ အခု လက်ရှိဘ၀မှာ ပျော်ရွှင်အောင် နေရမယ် ဆိုတာကို ငါ့ဟာငါ သဘောပေါက်သွားတဲ့ အခါကျတော့ ငါ့ဘ၀မှာ ပျော်ရွှင်စရာ ဆိုတာ ဘာမှ မရှိတော့ပြန်ဘူး။

ညလယ်ကြီးမှာ မျက်လုံး အကြောင်သားနဲ့မို့ ရေကြည့်မိတော့ ငါတို့ နှစ်ယောက်ရဲ့ ပစ္စည်းတွေဟာ တော်တော်လေး များနေသလိုပဲ။ ငါ့အတွက်တော့ မနက်ဖျန်ဆို မင်းဓါတ်ပုံလေးပါ ထည့်ထားတဲ့ ငါ့ အ၀တ်အစားအိတ်လေး တစ်အိတ်ပဲ ပါသွားရင်တောင် လုံလောက်ပါပြီ။ အိမ်ထောင်သက် တိုတိုလေးမှာ ဒီလောက် များများ ပစ္စည်းတွေ ရှိခဲ့ပေမဲ့ ပျော်ရွှင်မှုတွေဟာ ဒါတွေရဲ့ တစ်ဝက် လောက်တောင် ရှိခဲ့မယ် မထင်ဘူး။ အားလုံးဟာ ငါ့အမှားတွေပါ။

နောင်ဘ၀သာ တကယ် ရှိမယ်ဆို ဒီအခန်းလေးကို ကျနော်နဲ့ ကျနော့် အမျိုးသမီး နောက် ဘ၀မှာ လာငှားတဲ့အချိန် အထိ လူငှား မတင်ပါနဲ့ဦးလို့ ငါ အိမ်ရှင်ကို ပြောမိမှာ။ ခုတော့ မင်းနဲ့ ငါတို့ရဲ့ အခန်းလေးကို ထားခဲ့ပြီး ငါ သွားတော့မယ်။

တကယ်တော့ တဖြည်းဖြည်း ပိုညဥ့်နက်လာတဲ့ ညသန်းခေါင်လိုပဲ ငါ့ကိုယ်ငါ ပိုပြီး နက်နက် ရှိုင်းရှိုင်း သဘောပေါက်မိသလို ရှိလာတယ်။ ငါ ထုပ်ပိုးထားတဲ့ ပစ္စည်းတွေ ထဲမှာ မမြင်နိုင်တဲ့ သေတ္တာလေး တစ်လုံးပါ ပါတယ်။ အဲဒီ သေတ္တာလေးထဲမှာ မင်းအတွက် အလွမ်းတွေ၊ မင်းရဲ့ ပုံရိပ်တွေ၊ ငါ့ရဲ့ တာဝန် မကျေခဲ့မှုတွေနဲ့ ငါတို့ရဲ့ အမှတ်တရ လေးတွေ အားလုံးကို ထုပ်ပိုးထားတယ်။ ဒီသေတ္တာဟာ တကယ်တော့ ငါဘယ်နေရာကိုပဲ ပြောင်းပြောင်း ငါနဲ့ အတူ အမြဲတမ်း တွဲလျက် ပါနေမှာပါပဲ။ ငါ့ဘ၀ တစ်သက်လုံးမှာ ဘယ်တော့မှ စွန့်ပစ်လို့ မရနိုင်တော့မဲ့ သေတ္တာလေး တစ်လုံးပဲ ဖြစ်မှာပါပဲ။

မနက်ဖျန် မနက်ခင်းကျ အိမ်ရွှေ့ဖို့ ခေါ်ထားတဲ့ ကားကို ပြန်ခိုင်းလိုက်ပြီး အိမ်ရှင် အန်ကယ်ကြီးကို ကျနော် မပြောင်းဖြစ်သေးပါဘူးလို့ ပြောလိုက်ရင် ငါ့ကို ရူးများသွားပြီလားလို့ ထင်ပြီး ငေးကြည့်နေမလားပဲ။ ဒီလိုနဲ့ မှောင်နေတဲ့ညမှာ နာရီသံ တစ်ချက်ချက်ကြား ငါလည်း စည်းချက်မှန်မှန် အသက်ရှုပြီး ကိုယ့်ဟာကိုယ် အနားပေးလိုက်မိတယ်။

Monday, January 05, 2009

Montgomery College.

တော်သေးတာပေါ့... ကျနော့်အနေနဲ့ အထက်တန်း ပြန်တက်ဖို့ထက် စာရင် ကောလိပ်ကို တန်းလျှောက်ဖို့ အခြား နည်းလမ်းတစ်ခု ရှိသေးတာကို ရှာတွေ့ကြတယ်။ အဲလိုနဲ့ နီးနီးနားနား Montgomery College ကို ၀င်နိုင်ဖို့ကို ကျနော် အင်္ဂလိပ်စာ အရည်အချင်းစစ်တာ တစ်ခု ဖြေရဖို့ကိုပဲ အခု ကြိုးစားနေပါတယ်။

ဒါနဲ့ ပတ်သက်လို့ ကြည့်ရတာတော့ ကျနော်နဲ့ အဆင်ပြေမယ်လို့ ကျနော် ယူဆမိတယ်။ နောက်ပိုင်း စကားပြော နားထောင်တာ၊ သဒ္ဒါနဲ့ ပတ်သက်လို့၊ စာလုံးအသုံးပြုပုံနဲ့ ပတ်သက်လို့ ဖြေတာတွေက ပြဿနာ မရှိလောက်ဘူးလို့ ယူဆပါတယ်။ ဒါပေမဲ့ အရှေ့ဆုံးပိုင်း စာစီစာကုံး သဘောမျိုး ၂၅ မိနစ်စာ ရေးရမှာကိုတော့ စာလုံးပေါင်း မကောင်းတဲ့ ကျနော့်အတွက် အနည်းငယ် ပြဿနာ ရှိကောင်း ရှိနိုင်ပါတယ်။

ဒါက Michigan Test ဆိုတော့၊ နောက်ပြီးရင် တခြား Test တစ်ခု ထပ်ဖြေဖို့ လိုမလိုတော့ ကျနော်လည်း သိပ်တော့ မရှင်းလင်း သေးပါဘူး။

အတန်းတွေ တက်လို့ရပြီဆိုရင်တော့ ကျနော် လိုက်ချင်တဲ့ Computer Gaming ပဲယူဖြစ်ဖို့ များပါတယ်။

Friday, January 02, 2009

၂၀၀၉

အချိန်တွေဟာ ပျံသန်းသွားတယ် ဆိုတာဟာ သိပ်မှန်တယ်။ အချိန်ဟာ ပျံသန်းတဲ့ ယဉ်တစ်စင်းဆို ကျနော်တို့ဟာ သူ့ထဲမှာ စီးနင်း လိုက်ပါနေကြတာပဲ ဖြစ်လိမ့်မယ်။ တခါတလေ အိပ်ယာထဲမှာ ဖြစ်ဖြစ် ပက်လက်လှန်ပြီး အိပ်မပျော်ရင် အတွေးက လေထဲ လွှတ်ထားတဲ့ စွန်လို လေကိုလွှဲချပြီး သူ့ဟာသူ အရူးအမူး လမ်းသလား နေတတ်တယ်။ အခုလို နှစ်သစ်မှာတော့ ငါမသေသေးပဲ နောက်တစ်နှစ် ထပ်ရောက်ပြန်ပြီ ဆိုပြီး ဖြတ်သန်းလာတဲ့ အချိန်တွေကို ပြန်စဉ်းစားမိမှာ သေချာသလောက်ပါပဲ။

လွန်ခဲ့သော် နှစ်များစွာတုန်းက ကျနော် လျှောက် စီးခဲ့ဖူးတဲ့ သုံးဘီး စက်ဘီး အနီရောင်လေးကို ပြန်မြင်မိတယ်။ အဲဒီတုန်းက တီဗီကနေ ထီဖွင့်နေတာကို ပြတာပေါ့။ အဲဒီမှာ ကလေးတွေက မသိဘူး ရစ်လုံးလို ဟာကြီးတွေကို လှည့်လှည့်နေတာ... တကယ်ဆို ထိုင်း ထီလိုပဲ အထဲမှာ နံပတ်တွေ ရေးထားတဲ့ အလုံးလေးတွေ ရှိကောင်း ရှိခဲ့ပါလိမ့်မယ်။ ကျနော်က ငယ်ငယ်လေး ဆိုတော့ လှည့်နေတာပဲမြင်တယ်။ အဲဒါနဲ့ ကျနော့် သုံးဘီး စက်ဘီးလေးကို ပြောင်းပြန်လှန်ပြီး ခြေနင်းကို ကိုင်ပြီး သူတို့ လှည့်သလို လှည့်နေခဲ့တယ်။

နောက်ကျတော့ ဘားအံမှာ သာမညတောင်ကို တက်တယ်။ တောင်တက်လမ်းမှာ ချော်လဲတယ်။ နောက် သာမညတောင် ဆရာတော်က ခေါင်းကို တစ်ချက် ပုတ်ပေးလိုက်တယ်။ ယုံကြည်မှုတွေ၊ အစွဲအလမ်းတွေနဲ့ ပတ်သက်လို့ ကျနော်ဟာ ကိုယ်သဘော မကျရင် လစ်လျူရှုထားရုံ ဆိုတဲ့ အဆင့်မှာတင် မရပ်ပဲ ဝေဖန် ပုတ်ခတ် တိုက်ခိုက်တတ်တဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက သာမညတောင် ဆရာတော်က ခေါင်းကို တစ်ချက် ပုတ်ပေးလိုက်ခဲ့လို့ ကျနော် အခုချိန်အထိ နေမကောင်းတောင် မဖြစ်သလောက်နဲ့ ကျန်းကျန်းမာမာ ဖြတ်သန်းလာနိုင်ခဲ့တယ်လို့ အခုထိ ထင်တယ်။

ကျနော်ဟာ ဘယ်တုန်းကမှ ကျောင်းမှာ အလေးသွားလေ့ မရှိပါဘူး။ ကျနော့် အကျင့်ပါပဲ။ အိမ်သာသွားရင် အချိန်ဖြုန်းချင်လို့ ဖြစ်ဖြစ်၊ အပေါ့သွားချင်လို့ ဖြစ်ဖြစ်နဲ့သာ သွားလေ့ရှိပါတယ်။ အဲဒီနေ့က ကျောင်းကလည်း လွှတ်ခါနီးပြီဆိုတော့ ကျနော် အိမ်သာသွားချင်ပေမဲ့ ပေပြီး ထိုင်နေခဲ့ပါတယ်။ ကံအကောင်း အကြောင်းမလှ စွာနဲ့ ကျောင်းမဆင်းခင်ပဲ ကျနော် အတန်းထဲမှာ အီးပါချမိပါလေရော... အစကတော့ သူတို့က အနံ့ကနေစ ရှာဖွေ တွေ့ရှိခဲ့ကြပါတယ်။ ကျနော်က နောက်ဆုံးတန်းမှာ ထိုင်တာဆိုတော့ နံရံမှာပါ ပေသွားခဲ့သေးတယ် ထင်ပါတယ်။ ဂင်းနစ် စံချိန်စာအုပ်မှာ မှတ်မယ်ဆို အဆိုးရွားဆုံး အီးပါချမှုလို့များ မှတ်မလား မသိပါဘူး။ ၂တန်း တုန်းက အဖြစ်အပျက်ပေမဲ့ နောက်ပိုင်း ကျောင်းပြန်ဝင်လာတော့ တခြားအခန်း ကျတော့ အဲဒီ ၂တန်းတုန်းက သူငယ်ချင်းတွေက အဲဒီအဖြစ်အပျက်နဲ့ စပ်လျဉ်းပြီး မှတ်မိကြတယ်။ ဒါကို ဘလော့ဂ်မှာ ရေးရတာလည်း ခပ်လန့်လန့်... တော်ကြာ ဘ၀မှာ အမည်းစက် စွန်းထင်းတယ် ဆိုတာကို ပြောမဲ့အစား မောင်ထူးမြတ် အတန်းထဲ အီးပါချသလို ဖြစ်တယ်လို့ ပြောင်းသုံးကုန်ကြမှ ဒုက္ခ။

မော်လမြိုင်တုန်းက အမှတ်ကိုး အထက်တန်းကျောင်းက ရုံးကြီးဆိုတဲ့ ရပ်ကွက်မှာပေါ့။ ကျောင်းဆင်းရင် ဆရာမရဲ့ ကျူရှင်ကို သွားရတယ်။ ဆရာမက ကျောင်းနားမှာပဲ နေတယ်။ တိုက်တိုက်ဆိုင်ဆိုင် ကျောင်းက တစ်တန်းတည်း၊ တစ်ခန်းတည်း ကောင်မလေး တစ်ယောက်ကလည်း ကျောင်းနားမှာပဲ နေတယ်။ သူ့အမေကလည်း ကျနော်တို့ ကျောင်းက ဆရာမပဲ။ အဲဒီ ကောင်မလေးကလည်း ကျနော့်လိုပဲ အရပ်ရှည်ပြီး လူကောင် ထွားပါတယ်။ မော်လမြိုင်သူဆိုတော့လည်း ကိုယ်လုံးကိုယ်ပေါက်က မိုက်မိုက်ပေါ့ဗျာ... ကျောင်းပြန်ရင် သူ့နောက်က လိုက်လိုက်ပြန်ပြီး စူးရဲတဲ့ မျက်လုံးကြီးတွေနဲ့ Lotusပစ် တာပေါ့ဗျာ... ကောင်မလေးကလည်း မိုက်ကြည့် (ခပ်မိုက်မိုက် အကြည့်ကို ဆိုလိုသည်) ပြန်ကြည့်သား... ကျနော့် ထုံးစံအတိုင်း ဖွင့်မပြောရဲတဲ့ အကျင့်နဲ့ ကျနော် ရန်ကုန်သာ ပြန်ပြောင်းလာခဲ့ရော ဘာမှ ဟုတ်တိပတ်တိ မပြောဖြစ်ခဲ့ပါဘူး။

မော်လမြိုင်မှာ နေခဲ့ရတဲ့ ကာလဟာ ကျနော့်ဘ၀မှာ ထူးခြားတဲ့ ကာလပဲ။ ကျနော်ဟာ မော်လမြိုင်မှာတော့ အတော်လေး သွားတတ် လာတတ် ရှိနေခဲ့တယ်။ ကျနော့်ဘ၀မှာ ဘာကြောင့် ထူးခြားရသလဲ ဆိုတော့ ကျနော်ဟာ နေခဲ့သော အခြားမြို့တွေမှာ သွားတတ်လာတတ်၊ ကျယ်ကျယ်ပြန့်ပြန့် တခါမှ မရှိခဲ့ဖူးလို့ပဲ။ ရန်ကုန်သားလို့ ပြောရမှာခက်တယ်။ ကျနော် ရန်ကုန်မြို့နဲ့ ပတ်သက်လို့ ဘာမှ ကောင်းကောင်းမွန်မွန် မသိဘူး။ သွားလည်း မသွားဖူးဘူး။ အိမ်ရယ်၊ ဂိမ်းဆိုင်ရယ်၊ ကျောင်းရယ်နဲ့ပဲ ကျနော် အချိန်ကို ကုန်ဆုံးစေခဲ့ပါတယ်။

ရန်ကုန်ကို ပြန်ရောက် တီတီစီကို ပြန်ဝင်တော့ ခုနှစ်တန်း၊ တော်တော်လေးလည်း လူပါးဝလာပြီ ပြောရမှာပေါ့။ ကျနော် တီတီစီမှာ တက်ရတာ ပိုဂုဏ်ရှိသလို စိတ်ထဲမှာ ခံစားမိတယ်။ ဒါပေမဲ့ ကျနော့်ရဲ့ ပေါ့ပေါ့ပါးပါး နေပြီး စာအုပ်ထဲမှာ စာမရှိတဲ့ စရိုက်ရယ်၊ အလွတ်မကျက်နိုင်တဲ့ ဦးနှောက်ရယ် ပေါင်းလိုက်တော့ ကျနော်ဟာ အတန်းထဲမှာ တော်ရုံတန်ရုံ အဆင့်မှာပဲ မနည်း ကုပ်ကပ် တွယ်နေရပါတော့တယ်။

တကယ်တော့ ကျနော်ဟာ အတန်းထဲမှာလည်း ဂုဏ်မရှိခဲ့၊ ကျနော် မတိုးရဲတဲ့ လူတောထဲမှာလည်း ဂုဏ်မရှိခဲ့၊ မိဘရှေ့မှာလည်း သူတို့ မျှော်လင့်တာတွေ နဲ့ မကိုက်ညီတဲ့ သားတစ်ယောက် ဖြစ်တဲ့အတွက် ဂုဏ်မရှိခဲ့၊ ကျနော် ပျော်မွေ့နေတဲ့ ဂိမ်းတွေ ထဲမှာပဲ ဂုဏ်သိက္ခာအတုလေး နည်းနည်း ရှိနေတဲ့ လူတစ်ယောက်သာ ဖြစ်တယ်လို့ ကိုယ့်ဟာကိုယ် သဘောပေါက် မိတယ်။

လွန်ခဲ့တဲ့ နှစ်မှာမှ ချစ်သူတစ်ယောက်လည်း ရတော့ တော်သေးတယ် ပြောရမှာပေါ့။ ဆယ်ကျော်သက် ဘ၀ ကုန်ခါနီးမှ ချစ်သူ တစ်ယောက်ရတော့တယ်။ လောလောဆယ် အဆက်အသွယ် မရလို့ စိတ်ညစ်နေသား... ဒါပေမဲ့ ကျနော့်အနေနဲ့ ကြိုက်ခဲ့၊ သဘောကျခဲ့ ဖူးတဲ့ ကောင်မလေးတွေ များပေမဲ့ ဒီတစ်ယောက်သာ ပထမဆုံး ချစ်သူ ဖြစ်တော့ ကျနော်လည်း အတော်လေး မြတ်နိုးပါတယ်။ လောလောဆယ်တော့ အဝေးကြီးမှာပေါ့ဗျာ...

ဒီနှစ် မတ်ခ်ျလဆို ၁၈နှစ် ပြည့်တော့မယ်။ အကောင်ကလည်း ကြီးသေးတယ်။ ဒါကို အထက်တန်း ပြန်တက်ရဦးမှာမို့ အနည်းငယ်တော့ ချီတုန်ချတုံ ဖြစ်မိပါတယ်။ ဒါပေမဲ့ အခု စ၀င်နေပြီ ဖြစ်တဲ့ ၂၀၀၉ကိုလည်း ကုန်လွန်ခဲ့တဲ့ နှစ်တွေလိုပဲ မသိမသာ ဖြတ်သန်းသွားနိုင်မယ် ထင်မိပါတယ်။

နှစ်သစ်က လူဟောင်း

နှစ်သစ်မှာ နေရာသစ်ကနေ ဘလော့ဂ်ဟောင်းကို ဟောင်းနွမ်းသော မောင်ထူးမြတ်က သစ်လွင်သော နှုတ်ခွန်း ဆက်သခြင်း အနေနဲ့ ပို့စ်တင်ပါတယ်။ ၂၀၀၉ ခုနှစ်မှာ အားလုံး အဆင်ပြေ ကြမှာပါလို့ ကျနော် ခန့်မှန်းပါတယ်။ ကျနော့် ဘလော့ဂ်အနေနဲ့လည်း ၂၀၀၆ ကနေ ၂၀၀၉ အထိကို ဆန့်ငင် ဆန့်ငင်နဲ့ အသက်ရှင် လာခဲ့တာကို ကျနော် ၀မ်းမြောက်ဝမ်းသာ ခံစားရပါတယ်။ ကျနော်လည်း ဆန့်ငင်ဆန့်ငင်နဲ့ ဒီ မြေသစ်က ရေခဲတဲ့ ရာသီဥတုမှာ ကျောင်းပြန်တက်ဖို့ လုံးပန်းရပါဦးမယ်။

ကျောင်း မတက်ရတာ ကြာပြီမို့ ကျောင်းပြန် တက်ရတော့မှာကို ကျနော် ၀မ်းမြောက်ဝမ်းသာ ရှိပါတယ်။ အရင် ကျောင်းတက်နေ တုန်းကလည်း ပိုစ့်တွေကို တင်ဖြစ်အောင် ကြိုးစားတင်နိုင်ခဲ့တဲ့ အတွက်၊ အခုလည်း ဆက်တင် နေဦးမှာပဲ ဖြစ်ပါတယ်။ နေရာသစ်မှာ စိမ်ခေါ်မှုတွေ ရှိလာနိုင်ပေမဲ့ အဆင်ပြေအောင် ကြိုးစား နေပါတယ်။ ကျနော် ပြောခဲ့သလိုပဲ ၂၀၀၉ မှာ အဆင်ပြေမဲ့ အားလုံးထဲမှာ ကျနော်လည်း ပါတယ်လို့ ခန့်မှန်းမိပါတယ်။ :)

မင်္ဂလာနှစ်သစ်ပါ။
နှစ်သစ်မှာ ပျော်ရွှင်ပါစေ။