Sunday, September 06, 2009

Blog Writing.

တကယ်တမ်း ဘလော့ဂ်ကို မရေးဖြစ်ပဲ ပစ်ထားဖြစ်ခဲ့တာ အတော်လေးကို ကြာလာခဲ့ပြီပဲ။ ကျနော် ဘာမှလည်း မလေ့လာပဲ အိမ်မှာပဲ လေနေတော့ စာရေးစရာ အကြောင်းအရာ မရှိတာရော... အခု ကျောင်းပြန်တက်တော့ အိမ်စာတွေက တစ်ဖက်၊ Facebook ဂိမ်းတွေက တစ်ဖက်၊ ပျင်းရိခြင်းက အရင်လို ကွန်ပျူတာ ဂိမ်းတင်မက၊ Facebook ဂိမ်းတွေပါ ပါလာပြီး ပျင်းရိခြင်း ၈ ပါးနဲ့ဆိုတော့ ဘလော့ဂ်ဖက် မရောက်ဖြစ်တာလည်း ပါတာပေါ့။

တချိန်က ကျနော် ဖိုရမ်ထဲမှာ အတော်လေး ကြာအောင် ရေးခဲ့ဖူးတယ်။ အဲဒီတုန်းကဆိုလည်း နေ့စဉ် ရက်ဆက် ဖိုရမ်ထဲမှာပဲ အချိန်ကုန်တာပဲ။ မျက်လုံးနှစ်လုံး ပွင့်တာနဲ့ ဖိုရမ် စာမျက်နှာကို ဖွင့်၊ မျက်လုံးပိတ်ခါနီးမှ ဖိုရမ် ခမျာလည်း ပိတ်ရရှာတယ်။ ဒါပေမဲ့ နှစ်ကာလ ကြာလာတဲ့ နောက်ပိုင်းမှာတော့ ဖိုရမ်ကို ဝင်မရေးဖြစ်တော့ရုံ မက ဖိုရမ်တွေကို ဝင်တောင် ဖတ်ချင်စိတ် မရှိတော့သလို ဖြစ်သွားတယ်။ အခုနောက်ပိုင်းမှာ ဘယ်ဖိုရမ်မှာ ဘာတွေဖြစ်တယ် ဆိုတာတောင် ဘာမှ မသိတော့ပါဘူး။

ကျနော်ပဲ ငြီးငွေ့ လွယ်တတ်တာလား... ဒါမှမဟုတ် အသက်အရွယ် အပိုင်းအခြားနဲ့ ဆိုင်လို့လား ဆိုတာတော့ မသိပေမဲ့ တခါတလေ တကယ်ပဲ အဲလိုဖြစ်တတ်ပါတယ်။ ကျနော့ဘဝမှာ ဖိုရမ်ရေးတဲ့ ကာလအပိုင်းအခြား၊ အခု ဘလော့ဂ်ရေးတဲ့ ကာလအပိုင်းအခြား ရယ်လို့ရှိတယ် ထင်မိပါတယ်။ အခုနောက်ပိုင်း ဒီလို ဘလော့ဂ်ကို သံယောဇဉ် ပြတ်နေပြီး Facebook မှာ အချိန်ဖြုန်းတာ ကြာလာတော့ တကယ်ပဲ အဲလို နောက်တစ်ကြိမ် တွေးမိပြန်တယ်။ ဘလော့ဂ်ရေးခဲ့တဲ့ ငယ်ဘဝတွေဟာ တကယ်ပဲ ကုန်ဆုံးသွားခဲ့ပြီလား... Facebook မှာ အချိန်ကုန်တဲ့ ကာလ အပိုင်းအခြားကို ရောက်လာပြီလား... လို့ပေါ့။

လောလောဆယ်တော့ ရေးချင်စိတ် ပေါ်တုန်းလေး ရေးလိုက်ပါဦးမယ်။

1 comments:

ကောင်းကင်ကို said...

ပြန်ရေးပါညီရ။ သက်ရှိသံသရာလို ဆောင်းပါးလေးတွေမျှော်နေတယ်။