ကျနော်ဟာ ပြည်ပကို ထွက်လာပြီးကတည်းက မြန်မာပြည်က ဆွေမျိုးတွေနဲ့ ခပ်စိမ်းစိမ်းပဲ နေခဲ့ဖြစ်တယ်။ ကျနော့် အကျင့်ကြောင့်မို့ပဲလားတော့ မသိဘူး။ ဒါပေမဲ့ ဘာမှ မတတ်နိုင်၊ ပြန်လည်း မပြန်နိုင်မဲ့တူတူ မေ့ထားတာပဲ ကောင်းတယ် ဆိုပြီး တွေးမိလို့လားတော့ မသိပါဘူး။
ဒါပေမဲ့ ဒီနေ့ မနက်တော့ Facebook မှာ message တစ်ခုဝင်လာတယ်။ မာမား ဆုံးပြီတဲ့။ အင်္ဂါနေ့ည မြန်မာ စံတော်ချိန် ၆ နာရီ ၄၅ တုန်းက။ ကျနော့်ဘဝမှာ မြန်မာပြည်ကို တစ်နေ့ ပြန်ရောက်နိုင်သေးပေမဲ့ မာမားဆီကိုတော့ ဘယ်တော့မှ ပြန်ရောက်နိုင်တော့မှာ မဟုတ်ပါဘူး...
ကျနော့် အဖွားကို တော်တော်များများက မာမားလို့ ခေါ်ကြတယ်။ အဖေရယ်၊ ဦးလေးရယ်၊ အဒေါ်ရယ်က မာမားလို့ ခေါ်ခဲ့ကြတယ်။ အမေလည်း မာမားလို့ ခေါ်တော့ ကျနော်လည်း အဖိုးနဲ့ အဖွားကို ငယ်ငယ်ကတည်းက မာမားနဲ့ ပါပါးပဲ ခေါ်လေ့ရှိခဲ့တယ်။ မာမားက အဖေ့တုန်းကလည်း အရမ်း အလိုလိုက်တယ်။ ကျနော့်ကိုလည်း အလိုလိုက်တယ်လို့ အမေက ပြောလေ့ရှိခဲ့တယ်။ အလိုလိုက်လား မလိုက်လား မသိပေမဲ့ အဖွားအိမ်မှာ နေရတာ ပိုသဘောကျခဲ့တာတော့ အမှန်ပါပဲ။
မာမားဟာ ပန်းချီဆရာပဲ ဖြစ်လာခဲ့ပြီး ကျနော့် အဒေါ်ကပဲ လုပ်ကျွေးခဲ့ရတဲ့ ကျနော့်အဖေရဲ့ ဘဝကို ကြည့်ပြီး ကျနော့်ကို ဘယ်လိုမျှော်လင့်ခဲ့တယ် ဆိုတာကို ကျနော် မသိပေမဲ့ ကျနော် ငယ်ငယ်က မာမားနဲ့ ရွှေတိဂုံသွားရင် ငါ့မြေးကြီးလာရင် ငါ့ကို ကိုယ်ပိုင်ကားနဲ့ လိုက်ပို့နိုင်အောင် ပညာတတ်ဖြစ်အောင် ကြိုးစား ဆိုပြီး ပြောခဲ့ဖူးတယ်။
အဲဒီတုန်းက ကျနော် ကတိပေးခဲ့ မပေးခဲ့ဆိုတာ မသိပေမဲ့ ကျနော့်ရဲ့ ရှိမလာနိုင်သေးတဲ့ ကိုယ်ပိုင်ကားနဲ့ မာမားကို ဘယ်တော့မှ ဘုရားလိုက်ပို့နိုင်တော့မယ် မဟုတ်ဘူး ဆိုတာကိုတော့ ဒီကနေ့ သေသေချာချာ သိလိုက်ရတာပေါ့လေ...
ကျနော့်ဘဝမှာ အရာအားလုံးကို ချန်ထားပြီး တခြားနေရာ ရွှေ့ရွှေ့သွားရတာဟာ အသက် ၁၈ နှစ်ပဲ ရှိသေးပေမဲ့ အထူးအဆန်းတော့ မဟုတ်တော့ပါဘူး။ ကျနော် ထားခဲ့တဲ့ အရာတွေကို နောက်တစ်ကြိမ် ပြန်တွေ့နိုင်ဖို့ သေချာမယ်မဟုတ်ဘူး ဆိုတာကိုလည်း နားလည်စတော့ ပြုနေပါပြီ။ မာမားကို ကျနော် သိပ်ချစ်တယ်လို့ ကျနော် သဘောပေါက်မိပေမဲ့ သူဆုံးတယ် သတင်းကြားတဲ့အခါမှာ ထုံးစံအတိုင်း မငိုမိပါဘူး။
ဘဝတွေဟာ ဒီလိုပဲ ဖြတ်သန်းသွားကြတယ်။

4 comments:
ဒီလိုပါပဲ ထူးမြတ်ရယ်.. မျက်ရည်တွေ ငန်လွန်းပြီး ဆားပွင့်တွေလို ခဲကျက်သွားလို့ မငိုတော့တာဖြစ်မယ်။
ချစ်သူတွေနဲ့ကွေကွင်းရတဲ့ ဒုက္ခ တတ်နိုင်သမျှ လျော့ပါးပါစေ။
ထူးမြတ်လေးရဲ့  အဖွား ကောင်းရာသုဂတိ လားပါစေ...
အန်တီ mie nge
sorry to hear that. Hope she rests in peace now.
ဟူး... သက်ပြင်းချမိတယ် ၀မ်းနည်းသွားတယ်ညီ ..
Post a Comment