ကျနော့်ဘဝမှာ ဒီနှစ်ပိုင်းတွေမှ (ထူးထူးခြားခြား) ကျနော့်အမေ ကျနော့်ကို ကျေနပ်ရအောင် ကျနော် ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ကျနော်သာ မောလို့သွားတယ်... အမေ့အနေနဲ့ ကျနော့်ကို မကျေနပ်တဲ့ အချက်တွေက တစ်ချက်ပြီး တစ်ချက် တိုးလို့သာ လာတယ်။ ကျနော့်အနေနဲ့ အခုနောက်ပိုင်းဆို ဘာလုပ်လို့ လုပ်ရမယ်တောင် မသိတော့ဘူး။
လောကကြီးမှာ ကျနော်ဟာ ဘာကောင်ပဲ ဖြစ်လာလာ ကျနော့်အမေကတော့ ဘယ်တော့မှ ကျနော့်ကို ကျေနပ်နိုင်မယ် မထင်ဘူး။ အသက် ၁၈နှစ်မှာ ဆေးလိပ်မသောက်၊ အရက်မသောက်၊ ပိုက်ဆံမဖြုန်းပဲ နေလည်း အဲဒါဟာ ကျေနပ်စရာရယ်လို့ ဖြစ်မလာဘူး။ ဒီမှာ ဥပဒေအရ အသက် ၂၁ နှစ်မှ အဲဒါတွေ လုပ်လို့ရတယ်... ဒါပေမဲ့ ကျနော် ပြောချင်တာက... ကျနော် ထိုင်းမှာတုန်းက သင်္ကြန်ကာလဆို အကိုကြီးတွေနဲ့ လည်ဖြစ်နေကျပါ။ အဲဒီမှာ သောက်လို့ မရ မဟုတ် ရပါတယ်။ မင်းက အမေကို ကြောက်လို့ မသောက်တာလားကွလို့ မြှောက်ပေးတာကိုတောင် ဟီးဟီးဟဲဟဲနဲ့ ရယ်ပြီး ကျနော် ကွယ်ရာမှာတောင် မသောက်ခဲ့ပါဘူး။ ဒေါ်မေငြိမ်း သား အနေနဲ့ ဒေါ်မေငြိမ်း မျက်နှာပျက်စရာ ကိစ္စတွေ မလုပ်ဖြစ်အောင် ရှောင်ပါတယ်။
ကျနော့်အတွက် ကုန်ကျရတာဆိုလို့ ကျနော် ဒီအိမ်မှာနေတော့ အမေ့အတွက်ဆို အိမ်ငှားခထဲက တစ်စိတ်၊ မီတာခနဲ့ ထမင်းဖိုး လောက်ပဲ ကုန်ကျပါတယ်။ ကျနော်လိုချင်တာတွေ ရှိပေမဲ့ ကျနော် မတောင်းဆိုဘူး။ မိသားစု တစ်စုလုံးအတွက် အခက်အခဲ တွေ့တဲ့အချိန်မှာ ကျနော့် တစ်ဦးတည်း လိုအပ်မှုအတွက် ကျနော် ဘာကိုမှ တောင်းဆိုမှာ မဟုတ်ပါဘူး။ (အဲဒီကိစ္စကလည်း အမေ့ မကျေနပ်မှုတွေ ကျဆင်းအောင် မတတ်နိုင်ဘူး) ကျနော် ဘာမှလည်း မမျှော်လင့်ပါဘူး။ အခု ကျနော် အလုပ်ဝင်တာလည်း ကျနော့်လခက ဘယ်လောက်မှ မရှိပေမဲ့ ကျနော် အကုန်အပ်ပါတယ်။ ကျနော် တခြား ဘယ်နေရာမှလည်း သွားလေ့မရှိတော့ ကျနော် ပိုက်ဆံ လုံးဝ သုံးလေ့လည်း မရှိပါဘူး။ တစ်ပတ်မှာ နှစ်ရက်ပဲ အလုပ်ဝင်ရပြီး ကျန်တဲ့ ၅ ရက် အလုပ်မဝင်ရလို့များ မကျေမနပ် ဖြစ်နေလား မပြောတတ်ဘူး။ အဲဒါကတော့ ဆိုင်ရှင်နဲ့ပဲ ဆိုင်လိမ့်မယ် ထင်ပါတယ်။
အဲဒီအခါ... ဘယ်အပိုင်းကို မကျေမနပ် ဖြစ်သလဲဆိုတော့ ကျနော် အိမ်မှာ ကွန်ပျူတာရှေ့ပဲ နေတော့ ကွန်ပျူတာ ရှေ့ပဲ နေတယ်လို့ မကျေမနပ်ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ကွန်ပျူတာရှေ့ မထိုင်ရင် ကျနော့်မှာ မရှိတဲ့ ဂစ်တာ သွားတီး နေရမလား... ဒါမှမဟုတ် လမ်းပေါ်မှာ ခြေဦးတည့်ရာ လျှောက်သွားနေရမှာလားလို့ အမေ့ကို ကျနော် ဘယ်တုန်းကမှ ပြန်မမေးခဲ့ပါဘူး။ စာအုပ်ဖတ် သွားဖတ်ပေါ့... ဆိုလည်း ဖတ်လာတာက တစ်သက်လုံးပဲ။ မောင်ထူးမြတ် ဖတ်ခဲ့တဲ့ စာအုပ်တွေကို အမှိုက်ကားထဲထည့်ရင် ကား ဆယ်စီးတိုက်တော့ ရလောက်မယ် ထင်ပါတယ်။
ကျနော် ဝတ်တဲ့ ကုတ်အင်္ကျီနဲ့ ပတ်သက်လို့ မကျေမနပ် ဖြစ်ပြန်ပါတယ်။ ဘလော့ဂ်ဂါ အန်တီ ခင်မင်းဇော်ရဲ့ အမျိုးသား ကျောင်းသားတပ်မတော်က ဦးမင်းဇော် ပေးတဲ့ အင်္ကျီလေးပါ။ နဂိုကတည်းက စစ်သွေးက ခပ်ကျွကျွဆိုတော့ ကျနော် အဲလို စစ်အင်္ကျီတွေ ဝတ်ရတာ အင်မတန် သဘောကျပါတယ်။ ကျနော့်အနေနဲ့ စိတ်ရောဂါပဲ ဆိုဆို... လမ်းသွားရင်း ကုတ်အင်္ကျီအိတ်ထဲကို လက်နှိုက်ထားရရင် တော်တော်လေးကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ် ရှိတော့ ကျနော် ဘယ်သွားသွား အမြဲလိုလို အဲဒီ ကုတ်အင်္ကျီ ဝတ်တတ်ပါတယ်။ အဲဒါကို ဟောင်းနွမ်းနေတယ်၊ ဒါချည်းပဲ ဝတ်ရင် ငါ့ကို သူများတွေက ပြောကြမှာပေါ့ ဆိုပြီး မကျေမနပ် ဖြစ်ပြန်ပါတယ်။
ဒီရာသီမှာ ဒါပဲ ဝတ်လို့ကောင်းတယ်ဆိုတော့ တခြား ငါဝယ်ပေးထားတာ ရှိသားပဲ လို့ ဆိုပါတယ်။ အဲဒီ အင်္ကျီက တော်တော်လေး ထူပါတယ်။ အဲဒါ ဝယ်ဖြစ်တာက အမေရိက ထွက်မလာခင် ထိုင်းမှာတုန်းကပါ။ ကျနော် လိုချင်တဲ့ စစ်ကုတ်အင်္ကျီ တစ်ထည်တွေ့တော့ ပြပါတယ်။ ဈေးကြီးလို့ မဝယ်နိုင်ဘူး ဆိုတော့ ကျနော်က လိုမှ မလိုပဲ မယူတော့ပါဘူးလို့ ပြောပါတယ်။ အဲဒီမှာ တစ်ထည်တော့ လိုတယ်ဆိုပြီး အတင်း ရွေးပြီး ဝယ်ခိုင်းတော့ အဲဒီ အင်္ကျီကို ဝယ်ဖြစ်သွားပါတယ်။ ကျနော်ဟာ ကျနော်လိုချင်တာကို မဝယ်ပေးနိုင် ခဲ့တဲ့အတွက် အမေ့ကို အပြစ်မတင်ပေမဲ့ အမေက ကျနော့်ကို သင့်လျော်ရာ တစ်ခု အတင်းဝယ်ခိုင်းပြီး အဲဒါကို မဝတ်တဲ့အတွက် အပြစ်တင်လေ့ရှိပါတယ်။
ဒီလို ဘာမှ မဟုတ်တဲ့ အကြောင်းအရာ ပိစိကွေးလေးတွေနဲ့ ကျနော် အပြောခံရတယ် ဆိုတာ ယုံမှာတောင် မဟုတ်ပါဘူး။ အမေက သူ့မိတ်ဆွေတွေ ရှေ့မှာတော့ သိပ်ပြုံးတတ်ပါတယ်။ ကျနော့်ကို အော်ဟစ်နေရင်းနဲ့လည်း ဖုန်းလာလို့ သူ့မိတ်ဆွေနဲ့ စကားပြောရင် အသံက ချက်ချင်း ပြောင်းသွား တတ်ပါတယ်။ အဲဒီတော့ ကျနော် ဒီပိုစ့်ရေးတော့ ကျနော့်ကို လျှောက်ပြောတယ်လို့ ထင်တဲ့ သူ့မိတ်ဆွေတွေ ရှိမယ်ဆို ကျနော် မအံ့သြမိပါဘူး။
အခု ကျနော်နဲ့အတူ တီတီစီမှာ တက်ခဲ့ကြတဲ့ သူငယ်ချင်းတွေ ဆယ်တန်းအောင်ပြီးတာ တစ်သက်လောက် ရှိလို့ သဘောင်္ ကက်ပတိန်တွေ၊ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေတောင် ဖြစ်ကြပါတော့မယ်။ ကျနော့်မှာ့၈တန်းမှာ ကျောင်းထွက်ပြီး ထိုင်းကို လိုက်လာခဲ့ရတဲ့အတွက် အမေ့ကို အပြစ်မတင်ခဲ့ပါဘူး။ မြန်မာပြည် နယ်စပ် ကျနော် တက်ခဲ့တဲ့ ကျောင်းက သူငယ်ချင်းတွေ GED စာမေးပွဲ ဖြေလို့ အောင်ကုန်ကြပြီ။ အဲဒီ တစ်ဝက်မှာ ဘာလက်မှတ်မှ မရသေးခင် ကျနော့်ကို ကျောင်းထုတ်လိုက်ပြီး အမေရိက သွားဖို့ ကိစ္စ လုပ်ခဲ့တဲ့ အမေ့ကို အပြစ်မတင်ခဲ့ပါဘူး။ နောက်ဆုံး နယ်စပ်က စစ်စခန်းအထိ ပြန်ပို့ခံရလို့ ကျနော်လည်း ကျနော့်ကိုယ် ကျနော် ဒီတစ်ခါတော့ ထောင်အကြာကြီး ကျရင်ကျ၊ မကျရင်လည်း အသေပဲ၊ ပြန်လာရဖို့တော့ မရှိတော့ဘူးလို့ ထင်နေရတဲ့ အချိန် ရောက်တဲ့အထိ အမေလုပ်တာ မှားတယ်လို့ ကျနော် အပြစ် မတင်ခဲ့ပါဘူး။
အခု မိဘကို တတ်နိုင်သလောက် ကူညီလည်း ကျနော့်အနေနဲ့ အပြစ်တင်ခံရနေတုန်းပါပဲ။ အခန်းထဲမှာ အိပ်ယာ မသိမ်းထားတာက မြင်မကောင်းဘူး ဆိုလို့ ကိုယ့်အခန်းတံခါး ကိုယ်ပိတ်ထားလည်း အဲဒါက ကလန်ကဆန် လုပ်တာပါ ဆိုပြီး အပြစ်တင်ပြန်တယ်။ တခါတလေ ကျနော့်မှာလည်း မိဘတွေ ဖြစ်စေချင်တာ ချက်ချင်း မလုပ်နိုင်ပဲ ကိုယ့်အတွက်လည်း အရေးကြီးတဲ့ ကိစ္စလေးတွေ ရှိနေတတ်တယ် ဆိုတာကို ဘယ်သူမှ နားမလည်ပေးကြပါဘူး။
ကျနော့်အနေနဲ့ အမေ့ကို အေးအေးဆေးဆေး ပြောလို့ အမေကသာ ပြန်မအော်ဘူးဆို ကျနော် ပြောပြ ချင်ပါတယ်။
ကျနော့် အဖိုးအဖွား၊ နှစ်ဖက်လုံးအပါအဝင်... အမေနဲ့ အဖေရော အသက် ၁၈နှစ်မှာ ပျော်ပျော်ရွှင်ရွှင် တက္ကသိုလ် တက်နေခဲ့ကြပါတယ်။ ကျောင်းဆက်မတက်နိုင်ပဲ စားသောက်ဆိုင်မှာ အလုပ်ဝင်လုပ်နေခဲ့ရတဲ့ လူ တစ်ယောက်မှ မရှိခဲ့ကြပါဘူး။ အဲဒါကြောင့် ကျနော့်ဘဝကို ကျနော် သိပ်ပျော်ရွှင် ကျေနပ်နေတယ်၊ ကျနော့်မှာ စိတ်မကျေနပ်မှုတွေ မရှိဘူး၊ လို့တော့ မထင်ကြပါနဲ့။ ကျနော်တို့ မိသားစုမှာ ဒီလဆို အဆင်ပြေပါပြီ ထင်လိုက်တိုင်း ပိုက်ဆံကုန်ဖို့ အကြောင်းအရာတွေက ပေါ်ပေါ်လာတယ်။ ဒီအတိုင်းဆို ကျောင်းတက်ရမယ် ဆိုတဲ့ အချိန်ကျလည်း ဘယ်လို လာဦးမလဲမသိဘူး။ ကျနော် အခုထိ ၈တန်းအောင်တဲ့ အဆင့်ပဲ ရှိနေတဲ့အတွက် လူဖြစ်မလား ခွေးဖြစ်မလား မသိရနိုင်တဲ့ ကျနော့် ရှေ့ရေးအတွက် ကျနော့်မှာလည်း ကျနော့် ပူပန်မှုတွေနဲ့ ပြည့်လျှံနေပါတယ်။
ကျနော့် အမေကို... ကျေးဇူးပြု၍ ကျနော့ကို ကောင်းတဲ့ဖက်ကလည်း နည်းနည်းလေး လှည့်ကြည့်ပေးပါ။ ကျနော့်ရဲ့ များပြားလှတဲ့ အားနည်းချက်တွေကို မြင်နိုင်သလို၊ ကျနော့်ရဲ့ အားသာချက်လေးတွေ၊ ဘယ်လောက်ပဲ နည်းပါးပေမဲ့ ကျေးဇူးပြုပြီး ရှာကြည့်ပေးပါ။ အမေ့ကိုသာ နားလည်မပေးဘူးဆို ကျနော့်အနေနဲ့လည်း တစ်နေ့လုံး အမေ့ကို ထိုင် အပြစ်တင်နေဖို့ပဲ ရှိတယ်။ အပြန်အလှန်အားဖြင့် ကျနော့်ကိုလည်း နည်းနည်း နားလည်ပေးပါလို့ ကျနော် ပြောချင်မိတယ်။

11 comments:
ထူးမြတ်ရေ..
ထူးမြတ်မေမေက..ထူးမြတ်အတွက်..
နေစရိတ်..စားစရိတ်..ဘာစရိတ် ညာစရိတ်
ဆိုပြီး အရေးယူပြောချင်တာမဟုတ်ဘူးထင်ပါတယ်.။။
ထူးမြတ်က အကြီးဆုံးဆိုတော့..
ပိုသိတတ်အောင် ဖိအားပေးနေတာနေမှာပါ။။
အခုမှ ဘ၀သစ်တစ်ခုကို နေရာသစ်တစ်ခု စရမှာဆိုတော့..
အခက်အခဲ နဲနဲပါးပါးရှိမယ်..
စိတ်ကသိကအောင့်ဖြစ်နေတာပါ။။
မေမေနဲ့ အေးဆေး ဆွေးနွေးကြည့်ပါဦး.
ထူးမြတ်တို့..
အရာရာအဆင်ပြေပါစေ...
(ဆရာမမေငြိမ်းဘလော့ကနေ လိုက်လာကြည့်တာပါ)
ညီဖြစ်နေ ခံစား နေရတဲ့ အခြေအနေကို ကို သဘောပေါက်တယ်။ ကိုယ့်ကိုကိုယ် သူများတွေ သူငယ်ချင်းတွေနဲ့ ယှဉ်ပြီး သိမ်ငယ်မိရာက ဒီလိုစိတ်တွေ ပေါ်လာတာပဲ။
ရှေ့မှာ မမြင်နိုင်တဲ့ အခွင့်အရေးတွေ၊ အခက်အခဲတွေ ရှိနေသေးတယ်။ ကြုံတွေ့ဖို့ အားတင်းပါဦး။ အကောင်းမြင်စိတ်တွေ၊ ဘာတွေ့တွေ့ ရင်ဆိုင်မယ့် စိတ်တွေ မွေးလို့ ရှေ့ဆက်လျှောက်ဖို့ပဲ စဉ်းစားပါ။
ရေးပြီးတဲ့ဟာတွေလဲ ရေးပြီး ပြီးတာပဲ သဘောထား။ နောက်ပြန် မကြည့်နေနဲ့တော့။
ညီ မောင်ထူးမြတ်ရေ
သားတစ်ယောက်ရဲ့ ခံစားချက်ကို သားတွေ အချင်းချင်း (အလွယ်တကူ) နားလည် သိနိုင်ပေမယ့် အမေတစ်ယောက်အနေနဲ့ လျင်လျင်မြန်မြန် နားလည်လက်ခံဖို့ကတော့ လွယ်ကူချင်မှ လွယ်ကူလိမ့်မယ်။ အမေတစ်ယောက်နဲ့ သားတစ်ယောက်ရဲ့ ဖြတ်သန်းလာတဲ့ အသက်အရွယ်၊ အတွေ့အကြုံ၊ ခေတ်စနစ်တွေ၊ အချိန်ကာလတွေ အားလုံးက ခြားနားနေတယ်လေ။ အမေဟာ ညီ့ကို အသေးဖွဲလေးတွေက အစ လိုက်လံစောင့်ကြည့်ပြီး ဂရုတစိုက်ရှိလိုက်တာ ဆိုတဲ့ အမြင်မျိုး ခဏလောက်ဖြစ်ဖြစ် ပြောင်းတွေးကြည့်လိုက်ပါ။ သားသမီးအပေါ် ဘာသိဘာသာ နေတတ်တဲ့ မိခင်တစ်ယောက် ကိုယ့်မှာ ရှိမနေတာ သိပ်ကို ကံကောင်းပါတယ် ညီ။ အကိုလည်း ကိုယ့်အပေါ် စိတ်တိုင်းမကျလို့ မိဘတွေရဲ့ အဆူအပြော မကြာခဏ ခံခဲ့ရတာပါ။ ဒါပေမယ့် တစ်ချိန်ချိန်မှာ အဲဒီအဆူအပြောတွေဟာ အလဟဿ မဖြစ်စေဘူးဆိုတာ သိလာရတယ်။ အားလုံး အဆင်ပြေသွားမှာပါ။ ခဏလေးပါပဲ။ တကယ့်ကို ခဏလေးပါပဲ။
Htoo Myant,
I am very proud of you the way I know you from your blog. Yes, parents do have high standard and hope for the first born. I've been there, still have that feeling though I am the same age as your mom. I never had typical collegians' life as I needed to help my mom (who was a lecturer in a university) with house work since I have 5 younger siblings, too much school work as I was in med school, my father was away from home as he was posted (he worked for state timber corporation) in another town/city. It was very frustrating. But, these experience helped me mature more than other. I am sure your family sees your sacrifice and appreciates you. As Burmese parents (like mine), they might have a hard time to say it out loud. Hey, atleast God sees your heart and believe me the blessings come in so many other ways. Take care and God bless!
Aunty Moh
FPရေ။
တစ်ခါတစ်လေတော့လဲ လူကြီးနဲ့ လူငယ် ရင်ခုန်သံခြင်း ဟာမိုနီ မညီနိုင်တာတွေ ရှိမှာပါ။ အခုလို အထဲမှာ ဖေါက်ခွဲလိုက်တာ ကောင်းပါတယ်။ ပေါ့သွားတာပေါ့။ အပြင်ကိုတော့ သယ်မသွားနဲ့ပေါ့။ နောင်တစ်ချိန်ကျရင် ဒါတွေက ပြုံးစရာလေးတွေ ဖြစ်လာမယ်ဆိုတာ ပြောချင်တယ်...။
ကျန်းမာပါစေ။
ကိုဘွိုင်း
အကြံ ပေးထားကြတာ ကျေးဇူးတင်ပါတယ်ဗျာ... တကယ်လည်း ကျနော့်အနေနဲ့ ကျနော့ဘလော့ဂ်မှာ စာလာရေးဖို့က လွဲရင် တခြား ဘာမှ မတတ်နိုင်ပါဘူး။ ကျနော့်မှာ ဒီတစ်နည်းပဲရှိပါတယ်လေ... လာလည်ကြတာ ကျေးဇူးတင်ပါတယ်ဗျို့...
:)))
Well..welcome to LIFE!!Buddy
Ko Nay Lin
အမေက စိတ်ပင်ပန်းလို့ နေမှာပါ သားရယ်။
ဒီလောက်လိမ်မာတဲ့သားလေးကို စိတ်ထဲက ချီးကျူးနေမှာပါ။
သားရေ
သားကို သားအမေက အသေအချာ နားလည်ပေးနေပါတယ်။ နားလည်လွန်းလို့ အစိုးရိမ် အပူပန်လွန်နေတာ၊ ကောင်းတာချည်း ဖြစ်စေချင်တာ။ ဒါ အမေ့ မေတ္တာပဲ။ သားအခုအရွယ်တော့ အမေကို နားလည်တယ် ဆိုအုံး၊ ဒီလောက်ထိ နားလည်အုံးမယ် မဟုတ်ဘူး။ အံတီတို့ငယ်ငယ်ကလဲ အဲဒီလိုအချိန်တွေ ကျော်ဖြတ်ဖူးခဲ့တယ်။
သားသိအောင် ပြောရရင်တော့ တို့တွေဘ၀က သူများနဲ့ မတူဘူး။ သူများတွေ အေးအေးဆေးဆေး ပညာသင်နေချိန်မှာ တို့တွေက အလုပ်တဖက်နဲ့ ကျောင်းတက်ချင် ကျောင်းတက်နေရမယ်၊ အခိုက်အတန့် drop out ဖြစ်ချင် ဖြစ်နေမယ်။ ဒါက ရုန်းကန်ရမဲ့ ဘ၀ပေးကံကိုး။ ဒီကြားထဲ အမှန်ကို ချစ်မိလေတော့ အစိုးရက ငြိုငြင်လေတယ်။ ဒါ ၀မ်းနည်းစရာလဲ မဟုတ်ဘူး။ ရင့်ကျက်ဖို့ ဖြစ်လာတယ်လို့ လက်ခံလိုက်။ အဲဒါကို ရုန်းထွက်နိုင်အောင် လုပ်ပါမှ။ ဒီက ကောလိပ်တွေမှာလဲ အပိုးကျိုးကျိုးနဲ့ အလုပ်တဖက်နဲ့ ကျောင်းတက်နေသူတွေချည်းပါ။ ကိုယ့်ပိုက်ဆံနဲ့ ရပ်တည်နိုင်တာကိုပဲ ဂုဏ်ယူစရာ။ သားက သူတို့ထက်သာတာက ကိုယ့်ပိုက်ဆံနဲ့ မိဘကို ပြန်ပေးတာ။ ဒါမျိုး ဒီမှာ မရှိဘူး။ သူတို့သုံးဖို့ သူတို့ ရှာတာပဲ။ သားက ပိုတော်တယ်။
သား အရက် ဆေးလိပ် မသောက်၊ ပိုက်ဆံ မဖြုန်းတာ ဘယ်မိဘက မကြည်နူးဘဲ နေမလဲ။ မိဘမပြောနဲ့၊ အံတီတောင် ကြည်နူးနေမိတယ်။ ပိုက်ဆံအကုန် အပ်တာ ဘယ်မိဘ မကျေနပ် ရှိပါ့မလဲ။ အံတီတောင် ကျေနပ်နေတယ်။ အံတီလာတုန်းက သားက ရှိတယ်လို့တောင် မသိရ၊ အေးချမ်းလွန်းလို့ စိတ်ချမ်းသာလိုက်တာ။ ဆရာမကိုတောင် တဖွဖွ ပြောမိတယ်။ အပြင်လူတောင် ၂ရက်လောက်လာတာ သတိထားမိရင် အရိပ်ကြည့်နေတဲ့ အမေက သတိမထားမိ ဘယ်ရှိပါ့မလဲ။ သူ့စာတွေမှာ ဖတ်ရင် အထင်းသား တွေ့နိုင်တယ်။ သားကိုပဲ သူ မျက်နှာရိပ် ကြည့်နေခဲ့တာ။ သားက ဆရာမသားမို့ မျက်နှာပျက်စရာ မလုပ်တာကို အံတီက ကျေးဇူးအများကြီး တင်လိုက်ပါတယ်။ ကျေကျေနပ်နပ် နဲ့ပါ။
ဒီလို စာရေးတာ ကောင်းတယ်။ စာဖတ်၊ စာရေးပြီး စာပေခံစားနားလည်တတ်တဲ့သူဆိုတော့ ဘယ်တော့မှ လိမ့်လိမ့်လဲလဲ မှားမှာ မဟုတ်ဘူး။ အခြေခံကောင်းပြီးသား။ မိတ်ဆွေတွေရ၊ အကြံဥာဏ်တွေရတဲ့အပြင် ၀ါသနာပါရာ လုပ်နိုင်လို့ စိတ်ချမ်းသာမှာပဲ။ အမြဲလို မလာဖြစ်ပေမဲ့ အမြဲအားပေးနေပါတယ်။ သားလို မောင်လို ချီပိုးလာတဲ့ ကလေးမို့ ချစ်လျက်ပါ မောင်ထူးမြတ်ရေ..။
ထူးမြတ်ရေ
အမေကပြောတယ်ဆိုတာကောင်းစေချင်လို.ပါ။မင်းကစာတော်ပြီးသားဘဲ တနေ.မင်းဖြစ်စေချင်တာတွေဖြစ်လာမှာပါ။ ဒီလိုဘဲပေါ. ဘ၀ဆိုတာ နိမ်.ချည်တစ်လှည်..မြင့်ချည်တစ်လှည်.ပေါ. တို.အားလုံး ဒါတွေကိုခံနိုင်ရည် ရှိအောင် ကြိုးစားရမှာပေါ.။
သတိရစွာဖြင့်
အစ်မ
အင်း အကိုရေ တစ်နေ့တော့ အမေနားလည်လာမယ်ထင်ပါတယ်
Post a Comment