အခု တစ်ခေါက်တော့ ကျနော် Stronghold Crusader ရဲ့ နောက်ဆက်တွဲ ဗားရှင်း ဖြစ်တဲ့ Stronghold Crusader Extreme ကိုပါ ဆော့ဖြစ်ပါတယ်။ တကယ်တော့ အဲဒီ ဗားရှင်းဟာ ကလေးကစားတဲ့ ဂိမ်းလို့ပဲ ပြောချင်ပါတယ်။ မြေပုံထဲမှာ Mercenary Post တွေ စစကတည်းက ပါပြီး စစ်သားတွေကို တစ်ချိန်လုံး အလကား ထုတ်ပေးနေပါတယ်။ နှစ်မိနစ်လောက် လွှတ်ထားလိုက်ရင် လူ ၁၀၀ နီးပါးလောက် အဲဒီနားမှာ စုနေတာ တွေ့ရပါလိမ့်မယ်။ အဲဒီတော့ စီးပွားရေးလည်း လုပ်စရာမလို၊ ဗျူဟာလည်း စဉ်းစားစရာ မလိုပဲ လူတွေချည်း ထိုင်လွှတ်ပြီး တိုက်နေလို့ ရတဲ့အတွက် Stronghold ဂိမ်း တစ်ခုလုံးရဲ့ အရသာပါ လုံးဝ ပျောက်ဆုံးသွား ရတယ်လို့ ထင်ပါတယ်။ နောက် ပိုဆိုးတာက အချိန်နဲ့အမျှ တက်နေတဲ့ ပါဝါတွေ ပါနေတာပါ။ မိုးပေါ်ကနေ မြား ပစ်ချတာတို့... လိုချင်တဲ့ unit တွေ မိုးပေါ်က ကျလာတာတို့... ပါတော့... ကျနော် စဉ်းစားတာ သူတို့ ပင်မ ရဲတိုက်ကြီးတောင် မထားထားတော့ပဲ အဲဒီ စစ်သားတွေနဲ့ချည်း တိုက်ခိုင်းရင်တောင် ရနေပြီလို့ပဲ တွေးမိတော့တယ်။
အင်း... Extreme လို့ ဆိုထားတော့လည်း အဲလောက်တော့ ရှိမှာပေါ့လေ...

အဲဒီတော့ Stronghold Crusader မှာ Artificial Intelligence player တွေနဲ့ ရင်ဆိုင်တဲ့ Strategy Guide ကို ဆက်ရေးပါမယ်။ Stronghold Crusader ကို စဆော့ရင် တကယ့် တိုက်ပွဲတွေ မတိုက်ခင် Tutorial ကို ဆော့ကြည့်တာရယ်၊ Castle Builder ဆိုတဲ့ ထဲက ကျောက်တူးဖို့ နေရာပဲရှိပြီး အပင်စိုက်ဖို့နေရာ၊ သံတူးဖို့ နေရာတွေ တစ်ခုမှ မရှိတဲ့ သဲကန္တာရ မြေပုံမှာ Castle ဆောက်တာကို အရင် လေ့ကျင့်ကြည့်ပါ။ ကုန်ပစ္စည်း တစ်မျိုးတည်းနဲ့ ဈေးကို အသုံးပြု ရောင်းဝယ်ပြီး အသက်ရှင်နိုင်မှ သဲကန္တာရ စီးပွားရေးကို ပိုင်ပြီလို့ ပြောလို့ ရပါမယ်။ သဲကန္တာရမှာ သံယံဇာတ တစ်မျိုးတည်း ရတာနဲ့ အသက်ရှင်နိုင်ပြီ ဆိုတော့မှ ရန်သူနဲ့ တိုက်ဖို့ကို စဉ်းစားသင့်ပါတယ်။ Stronghold ကစားတဲ့ Strategy သမားတွေအတွက် ရန်သူကို တိုက်ဖို့ဟာ နံပတ် ၁ မဟုတ်ပါဘူး။ ကိုယ့်ဟာကိုယ် အရင် လုံအောင် ကာဖို့ဟာ နံပတ် ၁ ဖြစ်ပါတယ်။
ကျနော် အခုပြောမဲ့ Strategy Guide တွေဟာ အရေအတွက်ထက် များများ ဝင်တာထက် ပြောက်ကျား၊ ဒါမှမဟုတ် အရေအတွက် နည်းနည်း၊ အသေအပျောက် နည်းနည်းနဲ့ ရင်ဆိုင်နိုင်တဲ့ နည်းတွေ ဖြစ်ပါတယ်။ အရေအတွက် များများနဲ့ ဘာလာလာ တည့်တည့်ကြီး တိုးမယ်ဆိုပြီး ခေါင်းနဲ့ ပြေးတိုက်တတ်တဲ့ Conqueror တွေအတွက် မဟုတ်ပါဘူး။ ခေါင်းသုံးတာချင်း တူပေမဲ့ ပြေးမတိုက်ပဲ စဉ်းစားတဲ့ နေရာမှာ သုံးတဲ့ Strategist တွေအတွက်ပါ။
ကျနော် ဆော့နေတဲ့ ဗားရှင်းထဲမှာ AI ၁၁ ယောက်ပါပါတယ်။ ကြိုက်တဲ့ စရိုက် ရှိတဲ့လူကို ထည့်ပြီး ကစားနိုင်ပါတယ်။ ခက်တဲ့ လူတွေလည်း ရှိသလို လွယ်တဲ့လူတွေလည်း ရှိပါတယ်။
အခု မြင်နေရတဲ့အတိုင်း AI တွေကို အစဉ်လိုက် တစ်ခုချင်းစီ ပြောသွားတာပေါ့။ နာမည်တွေက လက်ဝဲဖက်ကနေ လက်ယာ၊ အောက်က သုံးယောက် အပါအဝင် အစဉ်လိုက်... Rat, Snake, Pig, Wolf, Saladin, Caliph, Sultan, Lionheart, Frederik, Phillip နဲ့ Sheriff တို့ ဖြစ်ပါတယ်။ကျနော်ပြတဲ့ ပုံစံတွေဟာ အစောပိုင်း ပုံစံတွေပါ။ ချွင်းချက်ကတော့ ပွဲက အချိန်ကြာလာတာနဲ့အမျှ ခံတပ်က ပိုပို ကြီးလာတတ်ပါတယ်။
Rat
Rat ဟာ Sultan ပြီးရင် ဒုတိယ အလွယ်ဆုံးလို့ သတ်မှတ်လို့ ရတဲ့ ခံတပ်ကို ဆောက်တတ်သူ ဖြစ်ပါတယ်။ သူ့ခံတပ်ဟာ ဝင်္ကပါ ဆန်ပေမဲ့ အကြောင်းသိရင် လွယ်ကူပါတယ်။ ဘေးနားမှာ ရှုပ်ထွေးနေအောင် တံတိုင်းတွေ ကာတယ်။ ဒါပေမဲ့ သူ့ရဲ့ Keep ကို တိုက်ရိုက် ဝင်လို့ရတဲ့ နေရာမှာပဲ တံခါးကို ထားပါတယ်။ တံခါးအထိ သွားပြီး တံခါးကို ဖျက်ဝင်လိုက်ရင် သူ့ဆီကို တန်းရောက်ပါတယ်။ ဘေးကနေ ဝင်ရင်တော့ လည်နေပါလိမ့်မယ်။ နောက်ဆုံး အုတ်တံတိုင်းကို ဖြိုပြီး ဝင်ရပါလိမ့်မယ်။ မြို့ရိုးထုက တစ်ထပ်တည်း ဆိုတော့ သိပ် ဖောက်စရာ မလိုပါ။ ခံတပ် အနေနဲ့ကလည်း မှုလောက်စရာ မရှိပါဘူး။ မျှော်စင်တွေ သိပ်မဆောက်ပဲ တံတိုင်းတွေပေါ်မှာပဲ လေးသမား တစ်ယောက်ချင်းစီ တစ်ဒေါင့်စီမှာ တင်ထားလေ့ ရှိပါတယ်။ လာတိုက်တဲ့ အင်အားဟာလည်း ဘာမှ မမှုလောက်ပါဘူး။ Siege weapon တွေ မပါတဲ့အတွက် မြားသမားတွေနဲ့ချည်း ခံတပ်ကို ကာထားရင်တောင် ရပါတယ်။ စစချင်း ဆော့သူတွေ အတွက် သင့်လျော်ပါတယ်။
Snake
Snake ကတော့ ခံတပ်ကို ယေဘုယအားဖြင့် စက်ဝိုင်းနဲ့ ခပ်ဆင်ဆင် ပုံသဏ္ဍာန် ဆောက်လေ့ ရှိပါတယ်။ Sultan ကလည်း စက်ဝိုင်းပုံပေမဲ့ သူက ကွာတာကတော့ တစ်ခြမ်းကို ကျုံးတူးထားတာပါပဲ။ နောက် Sultan ရဲ့ ခံတပ်က ပိုဝိုင်းပါတယ်။ ခံတပ် အကာအနေနဲ့ Siege weapon တင်လို့ မရတဲ့ မျှော်စင် အသေးလေးတွေနဲ့ ခုခံတတ်ပါတယ်။ လူ ငါးယောက်ဆန့် ဆလင်ဒါပုံ မျှော်စင် အမြင့်မဟုတ်ပါဘူး။ လူ ၂၅ယောက်ဆန့်နဲ့ လူ ၂၀ ဆန့်တဲ့ လေးထောင့် မျှော်စင် နှစ်မျိုးပဲ သုံးပါတယ်။ မြို့ရိုး ထုကတော့ ၁ ထပ်ပါပဲ။ အဲဒီပေါ် မြားသမား အချို့ တင်ထားတတ်ပါတယ်။ သူလည်း တိုက်ခိုက်တာ သိပ်မပြင်းထန်ပါဘူး။ မြားသမား လောက်နဲ့ ကောင်းကောင်း ခုခံနိုင်ပါတယ်။ သူ့ကို ရင်ဆိုင်ဖို့ အတွက်ကတော့ ကျုံးကို မြေဖို့ဖို့ မကြိုးစားပါနဲ့... အသေအပျောက် များပါမယ်။ တံခါးကို အဝေးကနေ အင်ဂျင်နီယာ ၃ ယောက်လိုတဲ့ အဝေးပစ် လောက်လွှဲ အကြီး (Trebuchet) ဒါမှမဟုတ်၊ အင်ဂျင်နီယာ နှစ်ယောက်သာ လိုတဲ့ လောက်လွှဲအရှင် (Catapult) သုံးပြီး ဖြိုပါ။ Battering Ram သုံးဖို့ မလိုအပ်ပါ။ နောက် ခြေလျှင်တပ် လွှတ်ပြီး အပြီးသတ်နိုင်ပါတယ်။ Pig
Pig ကတော့ အနည်းငယ် စိမ်ခေါ်မှု ရှိလာပြီ ဖြစ်တဲ့ AI ပါ။ အဓိက သုံးတဲ့ ယူနစ်တွေက Crossbow man တွေနဲ့ Mace Man တွေဖြစ်ပါတယ်။ Crossbow သမားတွေဟာ သာမန် မြားသမားထက် ပိုဝေးဝေး ပစ်နိုင်ပြီး ပိုမာတဲ့အတွက် အားသာချက် ရှိပါတယ်။ AI တွေရဲ့ ထုံးစံအတိုင်း သူတို့ မြားသမားတွေ၊ Crossbow သမားတွေကို ကင်းလှည်းခိုင်းတဲ့အတွက် ကိုယ့် စိုက်ခင်းဖြစ်စေ၊ အလုပ်စခန်းတွေကို ဖြစ်စေ မြားနဲ့ တစ်ချိန်လုံး ပစ်နေနိုင်တဲ့အတွက် စိတ်ရှုပ်ထွေးစရာ ကောင်းလာတတ်ပါတယ်။ Mace Man ကျတော့ မတရား မြန်ပါတယ်။ ဓါးသမားတွေလောက် မမာပေမဲ့ တိုက်ရည်ခိုက်ရည်က မဆိုးပါဘူး။ တခါ တခါ ဝင်လာလိုက်ရင် စိုက်ခင်းတွေ၊ အလုပ်စခန်းတွေ တော်တော်များများ ပါသွားတတ်ပါတယ်။ အဲဒါဟာလည်း တော်တော် စိတ်ညစ်ရပါတယ်။ ထိပ်တိုက်ရင်ဆိုင်ဖို့ အနေနဲ့တော့ မြားသမားအပြင် ဓါးသမားတွေပါ အစောင့်ချထားနိုင်ရင် အဆင်ပြေပါမယ်။ Crossbow တွေ အတွက်ကတော့ Arabian မြင်းစီး မြားပစ်သမားတွေကို ရွေ့လျား တိုက်ခိုင်းနိုင်ပါတယ်။
ခံတပ်အနေနဲ့က မြင်တဲ့အတိုင်း နည်းနည်း ဆန်းပါတယ်။ သူက လူ ၃၅ ယောက်နဲ့ Siege Weapon တစ်ခု ဆံ့တဲ့ လေးထောင့် မျှော်စင်ကို စတင် အသုံးပြုလာပါတယ်။ ဒါပေမဲ့ Siege Weapon မတင်ပါဘူး။ Crossbow man တွေပဲ တင်ပါတယ်။ ဒါပေမဲ့ အပြင်ကာ အုတ်ရိုးကို အုတ်ရိုး အနိမ့်ကာပြီး မျှော်စင်တွေကို ကာတဲ့ အုတ်ရိုးကိုသာ အုတ်ရိုး အမြင့်နဲ့ ကာထားလို့ Fire Ballista ရဲ့ မီးမြားတွေက ကောင်းကောင်း ဝင်အောင် ပစ်နိုင်တဲ့အတွက် မီးရှို့ဖို့ လွယ်ကူပါတယ်။ မီးဘေး ကာကွယ်ဖို့ ရေတွင်းတွေ ဆောက်လေ့ သိပ်မရှိလှပါဘူး။ မြို့ရိုး ထုကတော့ တစ်ထပ်တည်းပါ။ခံတပ်ရဲ့ တံခါးကို များသောအားဖြင့် ရန်သူနဲ့ ဆန့်ကျင်ဖက် မျက်နှာစာ (ခံတပ် နောက်ပိုင်းမှာ) ဖောက်ထား တတ်တဲ့အတွက် သူ့ကျတော့ Heavy Infantry နဲ့ ဝင်မယ်ဆို သူ့ Keep နား အနီးဆုံး နံရံကို Trebuchet နဲ့ ဖောက်ပြီး ဝင်သင့်ပါတယ်။ Assassian တွေ သုံးဖို့ လုံးဝ မကြိုးစားပါနဲ့။ အကုန် သေကုန်ပါလိမ့်မယ်။ မျှော်စင်ပေါ်က Crossbow တွေကို တက်သတ်ဖို့ ဆိုတာ လုံးဝ မလွယ်ပါဘူး။ လွှတ်ထားလိုက်ဖို့ ဆိုရာမှာ တစ်ဖက်မှာလည်း သူတို့က ပစ်အား ကောင်းနေတဲ့အတွက် တံခါးအထိ လှည့်ပတ် သွားပြီး တိုက်နေရင် အပေါ်က ဆက်တိုက် ပစ်နေတာကြောင့် အသေ အပျောက် များပါလိမ့်မယ်။ အဲဒီတော့ နီးရာ နံရံကို ဖောက်၊ အမြန်ဝင်ပြီး အမြန် တိုက်ရပါလိမ့်မယ်။ မြားသမားတွေ အသုံးမဝင်သလောက် ဖြစ်ပါတယ်။ ဒါပေမဲ့ ရန်သူကို ရိက္ခာဖြတ်၊ ကုန်ကြမ်း ဖြတ်တဲ့အနေနဲ့ သူတို့ စိုက်ခင်းတွေ၊ အလုပ်စခန်းတွေ နားမှာ မြားသမားတွေ အုပ်လိုက် ချထားတာတော့ ဘယ် AI နဲ့ ကစား ကစား အသုံးဝင်ပါတယ်။
Wolf
Wolf ကတော့ ကြယ်ငါးပွင့် အဆင့်ရှိ ခံတပ်ကို ဆောက်နိုင်သူ ဖြစ်ပါတယ်။ အင်မတန်မှ ခိုင်ခံ့ပါတယ်။ တိုက်ရည် ခိုက်ရည်ကလည်း မဆိုးပါဘူး။ Siege Weapon တွေ အများကြီး သုံးတတ်သလို Heavy Infantry ကိုလည်း ကောင်းကောင်း သုံးတတ်တဲ့အတွက် စိန်ခေါ်မှု ကြီးတဲ့ ပြိုင်ဖက် ဖြစ်ပါတယ်။ သူ့မြို့ရိုးကို ဖောက်နိုင်ဖို့ကို အတော်လေး အချိန်ပေးရတတ်ပါတယ်။ လေးထောင့် မျှော်စင်တွေလည်း သုံးသလို သူက Siege weapon တွေပါ တင်တတ်ပါတယ်။ ဒါ့ထက် ပိုခက်ခဲစေတာကတော့ Pitch တွေ အသုံးပြုပြီး ခံတပ် ပတ်ပတ်လည်မှာ မီးစွဲလောင်နိုင်တဲ့ အကွက်တွေချထား တတ်ပါတယ်။ မျှော်စင်ပေါ်က မြားသမားတွေက မီးမြားနဲ့ ပစ်လိုက်ရင် အကုန်လုံး မီးထလောင်နိုင်ပါတယ်။ Heavy Infantry တွေကို စုပြီး ဝင်ခိုင်းရင် မီးထဲမှာ တစ်တပ်လုံး ပြုတ်တတ်ပါတယ်။ တခါတလေ မျှော်စင်တွေနားမှာ သစ်သားချွန်တွေ ထောင်ထားတတ် ပါသေးတယ်။
ခံတပ်က နှစ်ထပ်အပြင် ကျုံးသေးသေးလေးပါ ကြားထဲမှာ တူးထားတတ်သေးတော့ ဖောက်ရ ခက်ခဲပါတယ်။ နောက် အတွင်းခံတပ်ရဲ့ အထူကလည်း အနည်းဆုံး ၃ ထပ်လောက် ရှိပါတယ်။ တံခါးက အနောက်မှာ ရှိတယ် ဆိုပေမဲ့ ပြိုင်ဖက်ကို မြားဦးမှာ ထားပြီး ဆောက်ထားတဲ့အတွက် ကိုယ်နဲ့ ဆန့်ကျင်ဖက် အရပ်မှာ ဖြစ်နေတတ်ပါတယ်။ တံခါးကို ဖျက်ပြီး ဝင်နိုင်ဖို့ ဆိုတာဟာ ၅% လောက်ပဲ ရှိပါတယ်။ Siege weapon တွေကို ခံတပ်ပေါ်မှာ စဆောက်ပြီ ဖြစ်တဲ့အတွက် ကိုယ့် Catapult ဖြစ်ဖြစ် အခြား Seige weapon တွေ တစ်ခုမှ မမီနိုင်ပါ။ ခံတပ်က ဟာကွက် မရှိသလောက် ဖြစ်တဲ့အတွက် မီးရှို့ဖို့လည်း မလွယ်ကူပါဘူး။ အလွယ်ဆုံး ထိပ်တိုက် ရင်ဆိုင်တဲ့ နည်းလမ်းကတော့ သူ့ စိုက်ခင်းတွေ၊ အလုပ်စခန်းတွေနားမှာ မြားသမားတွေ ချပြီး အဲဒီ နယ်မြေကို ထိမ်းချုပ်ထားတဲ့ နည်းလမ်း တစ်ခုတည်းပါပဲ။ အစာပြတ်၊ ပစ္စည်းပြတ်လာရင် တဖြည်းဖြည်း လူထုတ်တာ နည်းလာပါလိမ့်မယ်။ မြားသမားတွေအစား Assassian တွေလည်း သုံးနိုင်ပါတယ်။ မြို့ရိုးပေါ် တွယ်တက်ဖို့ မဟုတ်ပါဘူး။ သူ့ အလုပ်စခန်းတွေ၊ စိုက်ခင်းတွေကို ဖျက်ဆီးဖို့ပါ။ Assassian တွေကို သူတို့အနား ရောက်မနေရင်၊ ဒါမှမဟုတ် သူတို့က လာမတိုက်ရင် မမြင်ရနိုင်ပါဘူး။ စိုက်ခင်းတွေ အနားကို ကပ်၊ စိုက်ခင်းက တဲနဲ့ မျှော်စင်ကနေ မြားပစ်လို့ မရအောင် ကာပြီး ဓါးနဲ့ခုတ် ဖျက်ဆီးနိုင်ပါတယ်။ စိုက်ခင်း အပျက်၊ Assassian တွေလည်း ကိုယ် ပြန်အပျောက် ဆိုတော့ ဟိုဖက်က ထိထိရောက်ရောက် မပစ်နိုင်ပါဘူး။ မီးရှို့နိုင်ပေမဲ့ မရှို့ပါနဲ့။ ကြာပါတယ်။ကိုယ့်အတွက် ကာကွယ်မှု အနေနဲ့ကတော့ Siege Weapon တင်နိုင်တဲ့ မျှော်စင်တွေ ဆောက်ပြီး ခံတပ်ချင်း မနီးရင် Ballista တင်၊ ခံတပ်ချင်း ကပ်နေရင် Catapult တင်ပါ။ Siege Weapon တွေနဲ့ လာတိုက်လေ့ ရှိတဲ့အတွက် Ballista ရှိမှ ဖြစ်ပါလိမ့်မယ်။ မီးတုတ်ရဲ့ Arabian Slave တွေလည်း တခါတလေ လာတတ်ပါတယ်။ သူတို့ကို မြားနဲ့ ရင်ဆိုင် မပစ်နိုင်ရင် မီရာ အကုန် မီးရှို့သွားတတ်ပါတယ်။ စစချင်းမှာ အင်အား ကြီးကြီးနဲ့တော့ လာတိုက်လေ့ မရှိပါဘူး။ ခံတပ်ကို ပြင်ဆင်ချိန် ရနိုင်ပါတယ်။
တကယ်လို့ သူ့ခံတပ်ကို ဖောက်ကို ဖောက်တော့မယ်၊ ဖောက်ရမှ ကျေနပ်မယ် ဆိုရင်တော့ ကျုံး မတူးထားပဲ မျှော်စင်လည်း နည်းနည်း မမီတဲ့ နေရာကို ရွေးပြီး Trebuchet နဲ့ ဖောက်ပါ။ Heavy Infantry ရှေ့မှာ ဈေးပေါပေါနဲ့ ခပ်ပျော့ပျော့ Light Infanty ကို အရင်လွှတ်ပါ။ မီးလောင်အောင် ပစ်ကြပါလိမ့်မယ်၊ မီးလောင်လို့ ကုန်တော့မှ Heavy Infanty ကို ပေးဝင်ပါ။ ချိန်သားကိုက်ဖို့ လိုပါတယ်။ နောက် Pitch အကွက်တွေ ပြန်မချနိုင်ခင်မှာ အမြန် ဝင်နိုင်မှ ရပါလိမ့်မယ်။ လမ်းခရီးမှာ ဆုံတဲ့လူတွေကို တိုက်နေရင် ကြာတတ်တဲ့အတွက် မတိုက်အောင် ဆက်တိုက် Click နှိုပ်ပြီး Keep အပေါ်ကို ခေါ်သင့်ပါတယ်။
အပိုင်း နှစ် ဆက်ပါမည်။




0 comments:
Post a Comment