Sunday, April 12, 2009

မောင်ထူးမြတ်နဲ့ လွဲချက်များ

ဒီနေ့ ရေနွေးကြမ်း သောက်ရင်း ရေနွေးကြမ်း ဘယ်နှစ်မျိုး ရှိတယ် ဆိုတာ ကြည့်ကြည့်ဦးမယ် ဆိုပြီး အင်တာနက်မှာ Tea လို့ ရိုက်ရှာမိမှ အွန်လိုင်းပေါ် မတွေ့ရတာ ကြာတဲ့ ဘလော်ဂါ ကိုတီးကို သတိရတယ်။ အဲဒါနဲ့ သူ့ဘလော့ဂ်ကို သွားဝင်ကြည့်တော့ ဆက်မရေးတော့ပါ ဆိုပဲ။ အင်း... ဘာတွေဖြစ်မှန်းတော့ မသိပေမဲ့ ဒီလိုပဲ ပေါ်လာလိုက်ကြ ပျောက်သွားလိုက်ကြနဲ့ အနိစ္စ တရား နားလည်ချင်ရင် မြန်မာ ဘလော့ဂ် လောက ဝင်ကြည့်လို့ ဆိုရမလို ဆိုတော့ သိပ်တော့ ထူးထူးခြားခြား မဖြစ်မိပေဘူး။

အင်း... ရေနွေးကြမ်း ကိစ္စကတော့ မနေ့က ဖြစ်တာလေးပါ။

ကျနော် မနေ့က ကျနော် လုပ်နေတဲ့ မြန်မာ တရုတ် ဆိုင်ကို အလုပ်ဆင်းတယ်။ အဲဒီမှာ ကျနော့်ကို မြန်မာမှန်းသိတဲ့ စားနေကျ မြန်မာ တစ်ဝိုင်းလာစားရော... လာစားတော့ သူတို့ကို ထုံးစံအတိုင်း ရေခဲရည် သွားဖြည့်တာပေါ့။ အဲဒီတော့ သူတို့က ရည်နွေးပဲပေးပါတဲ့။ အဲဒါနဲ့ ကျနော်လည်း တရုတ် အချို့တွေ ပေးရသလို ရေနွေး ကရားထဲကို ရေနွေးချည်းပဲ ထည့်ပြီး ပေးလိုက်တာပေါ့။ (တရုတ် အဖိုးကြီး အဖွားကြီးတွေ ဖြစ်ဖြစ်၊ တချို့တွေက ရေခဲရည်အစား ရေနွေး အဖြူထည် တောင်းလေ့ ရှိကြပါတယ်) အဲဒါနဲ့ ပေးလိုက်ရော။

နောက်ကျတော့ တခြား စားပွဲထိုး တစ်ယောက်ကို ခေါ်ပြီး ရေနွေးကြမ်းနဲ့ လဲခိုင်းတယ်။ ကျနော်လည်း ကိုယ့် တာဝန်ရှိနေတော့ အဆင်မပြေဖြစ်ရတာ စိတ်မကောင်းပါကြောင်း သွား ဆောရီး တာပေါ့။ အဲဒီတော့ အဲဒီဝိုင်းက အကိုကြီးက သံပုရာသီး ငုံပြီး အတင်း ပြုံးထားသလို မျက်နှာ မချိုမချဉ်ကြီးနဲ့ ရေနွေး ဆိုတာ မြန်မာလို ရေနွေးကြမ်းကို ပြောတာ တဲ့... :D

အဲဒါနဲ့ ကျနော်လည်း သြော်... ဟုတ်ကဲ့ပါခမျ ဆိုပြီး ထွက်လာခဲ့တယ်။ မောင်ထူးမြတ်သာ စားပွဲထိုးနေရတဲ့ အချိန် မဟုတ်လို့ တော်ကီပွားဖို့ အချိန်လေးများ ရှိခဲ့ရင် အိမ်မှာ သူ ရေဖွင့်ချိုးရင် ဘာနဲ့ ချိုးလဲ မေးကြည့်လိုက်ချင်သေးတယ်။ ရေနွေးနဲ့ ချိုးတာလို့ ပြန်ဖြေလို့ကတော့ (သူ့အဆိုအရ မြန်မာမှာ ရေနွေးဆိုတာ ရေနွေးကြမ်းဆိုတော့) အကိုရေချိုးရင် လက်ဖက်ခြောက်ဖတ်တွေနဲ့လား... ဒါမှမဟုတ် Tea Bag ကြီး အကြီးကြီး စိမ်ပြီး ချိုးတာလား ဆိုတာလေး သိချင်လို့ပါ လို့ မေးဖြစ်အောင် မေးလိုက်ဦးမယ်။ :D

အဲဒါနဲ့ နောက်ဖေး ပြန်ရောက်တော့ ကျနော့်ကို ကြီးကျပ်နေတဲ့ သက်တမ်းရင့် Spanish စားပွဲထိုးက ကျနော် ရေနွေး အကျရည်နဲ့၊ ရေနွေး အဖြူထည်နဲ့ ထုံးစံအတိုင်း ရောဖို့ကို မေ့တယ်လို့ ထင်ပြီး မျက်လုံး ပြူးပြီး ကြည့်တယ်။ ကျနော်ကတော့ ငါမမေ့ပါဘူး။ မှာတဲ့လူက ငါ့ကို Tea လို့ မပြောပဲ Boiled water လို့ပဲ ပြောလို့ လို့ ပြန်ပြောလိုက်တယ်။ အင်္ဂလိပ် စာလုံးနဲ့ကျတော့ ရေနွေးနဲ့ ရေနွေးကြမ်း လုံးဝ မဆင်တော့ သူကတော့ အူကြောင်ကြောင် ဖြစ်သွားလေရဲ့... ဟိုက ရေနွေးနဲ့ ရေနွေးကြမ်းမှာ နောက်ဆုံး တစ်လုံး ဖြုတ်ပြီး ပြောလိုက်မှန်း သူမှ မသိနိုင်တာ။ သူကတော့ ခပ်အေးအေးမို့လားမသိဘူး။ ခေါင်းညှိတ်ပြီး လုပ်စရာ ရှိတာ ဆက်လုပ်တယ်။ ကျနော်ကတော့ ဒီမြန်မာဝိုင်းကတော့ ငါ့ကို ရေနွေးကို မြန်မာလို ရေနွေးကြမ်းလို့ ခေါ်ကြောင်းတောင် မသိတဲ့ ငနုံလို့ ထင်နေတော့မှာပဲ ဆိုပြီး စိတ်ထဲ မအီမလည် ဖြစ်နေရော။

ပိုစ့်က တိုနေသေးတော့ လာဖတ်ရတဲ့လူ တန်အောင် ကိုယ့်ပေါင် ကိုယ်လှန် ထောင်းရရင်တော့ဖြင့်...

မနေ့က လူလည်း ကျတာနဲ့ အတူ တော်တော်လေး မဖြစ်သင့်တဲ့ အမှားတစ်ခု ထပ်လုပ်မိပါသေးတယ်။ အဲဒါကတော့ ၁၀၀% ကျနော့် အမှားပါ။ အဖြစ်အပျက် မပြောခင် ကျနော့ကို သင်ပေးထားတာလေး ပြောပြ အရင် ပြောပြထား ချင်ပါတယ်။

ကျနော့် အထက်က သက်တမ်းရင့် စားပွဲထိုး တရုတ်မနှစ်ယောက် ရှိပါတယ်။ သူတို့ကိုလည်း ဆိုင်ရှင်က ကျနော့်ကို ကြည့်ရှုသင်ပေးပါ ဆိုပြီး အပ်ထားလို့ လားတော့ မသိ တတ်သလောက် သင်ကြားပေး လမ်းညွှန်လေ့ ရှိကြပါတယ်။ (ကျေးဇူးတင်ပါတယ်) အဲဒီထဲက အသက်ကြီးတဲ့ တရုတ်အမျိုးသမီးက... အလုပ်ရှုပ်နေတဲ့ အချိန် တခါတလေ ဧည့်သည်တွေ စားပြီး ကုန်တဲ့ ပန်းကန်တွေ ကျနော် သိမ်းဖို့ မေ့သွားတာ ရှိရင် လေသံ ခပ်မာမာနဲ့ ကျနော့်နားကပ် အံကြိတ်ပြီး နှစ်ကိုယ်ကြားနဲ့ မင်း မျက်လုံးကို ဘာဖြစ်အောင် လုပ်ဆိုလား မသိဘူး ပြောလေ့ရှိတယ်။ :D သူကတော့ ပြောရှာပါတယ်။ ကျနော်ကတော့ ယက်စ်၊ ယက်စ်၊ ဆိုပြီး ခေါင်းညိတ်နေကြပါပဲ။ ဒါပေမဲ့ ကျနော်ကတော့ သူ့တရုတ် အသံထွက်နဲ့ဆို သူပြောတဲ့ စကားလုံးထဲမှာ ၁၀% လောက်ပဲ နားလည်တယ်။ ကျန်တာကို မျက်နှာရိပ် မျက်နှာကဲ ဖမ်းပြီး လိုက်လုပ် ရတာကိုး။

အဲလို ပန်းကန် သိမ်းခိုင်းတာက ဧည့်သည်တွေက ထိုင်နေ စားနေတုန်းမှာ သူတို့ စားလို့ ကုန်သွားပြီးသား ပန်းကန် အလွတ်တွေ ရှိနေရင် ကြုံရင် ကြုံသလို သိမ်းခိုင်းတာပါ။ စားပြီးမှ သိမ်းတာကတော့ ထူးထူးခြားခြား ပြောစရာ မရှိပါဘူး။ ဒါပေမဲ့ ဒီလိုဟာ ကျတော့ ဧည့်သည်တွေ မထသေးခင် ဆိုတော့ ဘယ်ပန်းကန်က သုံးနေသေးတယ်၊ ဘယ်ပန်းကန်က မလိုတော့ဘူး ဆိုတာ အတော်လေး အကဲဖြတ်ရ ခက်ပါတယ်။ သိမ်းရင်း အရှိန်လွန်လို့၊ မေ့လို့... ဓါးတို့၊ ခက်ရင်းတို့ ပါသွားလို့ အသစ် ပြန်ပြန် ထုတ်ပေးရတာမျိုးလည်း မနည်းပေါ့။ သူတို့ကတော့ မသိမ်းခင် မေးလို့ ပြောတော့ ကျနော် နောက်ပိုင်း မေးမေးမြန်းမြန်းလေး လုပ်တော့ အဆင်ပြေပါတယ်။

ဒါပေမဲ့ တခါတလေဆို လာစားတဲ့ ဖောက်သည်တွေဟာ သူတို့ဟာ သူတို့ စကားပြောနေကြတုန်း ကျနော် ဝင်မေးလိုက်ရင် interrupt လုပ်သလို ဖြစ်မှာ အားနာလို့ မမေးတာပါ။ ငယ်ငယ်တုန်းက သင်ထားခြင်း ခံရတာက အဖြူတွေ ဖြစ်ဖြစ်၊ ကိုယ့် အာရှသားထဲက ဖြစ်ဖြစ်၊ လူကြီးတွေ စကားပြောနေရင် ကြားက ဖြတ်ပြောတာ မကောင်းဘူး ဆိုသကိုး။ သဘောကျမှန်း မသိ မကျမှန်းမသိ... ဒါပေမဲ့ ဒီ တရုတ် အမျိုးသမီး နှစ်ဦးကတော့ မေးချင်ရင် မေးတာပါပဲ။ ဟိုကလည်း အာရှတိုက်သားဆိုတော့ နားမလည်တာ ဘေးမဲ့ ပေးထားကြပုံ ပေါ်ပါတယ်။ ဘယ် ဖောက်သည်ကမှ စကားပြောနေတုန်း လာဖြတ်ပါတယ် ဆိုပြီး ဘာမှ ထွေထွေထူးထူး ပြောမနေကြပါဘူး။

အဲ... မောင်ထူးမြတ်ရဲ့ အလွဲကို ဆက်ရရင်... ဒီတစ်ခါက ကျတော့ တရုတ်ဝိုင်းပါ။ အဖေရယ်၊ အမေရယ်၊ ကလေးရယ်ပေါ့။ စားနေကြတယ်။

ကျနော်လည်း အဲဒီ တရုတ်မိသားစုနဲ့မှ... ကျနော် သူတို့ မိသားစု စားထားတာ ကုန်သွားသလို မြင်တော့ အနားကို ကပ်သွားပြီး Have you finished sir... လို့ မေးလိုက်တော့ သူကလည်း Finish လို့ ပြောလိုက်ပါတယ်။ အဲဒါနဲ့ ကျနော်လည်း ဟန်ပါပါနဲ့ ရှိသမျှ ပန်းကန်တွေ အကုန်လုံးကို ထပ်ပြီး သယ်ဖို့ ပြင်တာပေါ့။ အဲဒီ တစ်ခေါက်မှ ကျနော်ကလည်း ပုံမှန်ထက် ပန်းကန် အပို သယ်နိုင်သလိုပဲ။ ပန်းကန် ထပ်တာကလည်း စည်းစံနစ်ကို ကျလို့... ကျနော်က သူတို့ ထမင်း ထည့်စားဖို့ ပင်မ ပန်းကန်ပြားကြီးတွေကို ကောက်သိမ်းနေတာကို သားအမိ သားအဖ သုံးယောက်လုံး မျက်လုံး ခြောက်လုံး ကလယ်ကလယ်နဲ့ ကြည့်နေကြတယ်။ အဲဒါနဲ့ ကျနော်လည်း ငါသိမ်းတာ ပညာသား ပါလို့ ဒီလို ရှုစားနေကြဟန် ရှိတယ်လို့ ကိုယ့်ဟာကိုယ် အထင်လေးကြီးလိုက်ပြီး ဟန်ပါပါနဲ့ ကောက်မပြီး မျက်နှာမော့မော့ ခါးကော့ကော့နဲ့ အားရပါးရ မြေမထိ လမ်းလျှောက်ကာ ဆေးမဲ့ ပန်းကန်တွေ ထားတဲ့ နေရာ သွားထား... နောက် ပြန်လည်း ထွက်လာရော... ဟိုမှာ တရုတ်မကြီးနဲ့ ပွဲတည်နေပါပြီ။

တကယ်က သူပြောတဲ့ Finish ဆိုတာက Appetizer ဆိုတဲ့ ပင်မ ညစာ မစားခင် နှုတ်မြိန်စာ စားပြီးတာကို ပြောတာပါ။ ကျနော်က အားလုံး စားပြီးပြီလို့ ရွှေဥာဏ်တော် စူးရောက်ပြီး ရှိသမျှ ပန်းကန်တွေ အကုန်လုံးကို လုံ့လကြီးစွာ ကောက်သိမ်းသွားတော့ သူတို့မယ် အခက်အခဲတွေ့ပြီး တရုတ် စားပွဲထိုး လာမှ တရုတ်လို လှမ်း ရှင်းပြပုံ ရပါတယ်။ အဲဒါနဲ့ အဆင်မပြေ ဖြစ်ရတာကို အရင် သွားမဆောရီးနိုင်ပဲ ပန်းကန် သုံးချပ်၊ ခက်ရင်း သုံးလက်၊ ဓါးသုံးလက် သွားယူပြီး အဲဒါ ပို့ရင်းမှ ဆောရီးနိုင်တော့တယ်။ နောက်တော့ ကိုယ့်ဟာကိုယ် မှားတာကို ကိုယ့်ဟာကိုယ် ရှက်ပြီး အဲဒီ စားပွဲ ဆီကို တော်တော်နဲ့ မျက်လုံး မလှည့်ရဲတော့ဘူး။ :D

အင်း... ဟိုဟာပြီး ဟိုဟာလုပ်လိုက်၊ သည်ဟာပြီး သည်လိုလုပ်လိုက် လုပ်နေရတဲ့ ဂိမ်းတွေ ကစားထားတဲ့ အခံလေး ရှိပေလို့သာ ဒီလောက်ပဲ လွဲတယ် ဆိုရမယ်။



0 comments: