ကျနော့် တစ်သက်မှာ စစ်ဆိုတာနဲ့ တစ်ခါမှ ကိုယ်တွေ့ မကြုံဖူးပါဘူး။ အရှေ့အလယ်ပိုင်း ဒေသနဲ့ အာဖရိက ဒေသက လွဲလို့ ကမ္ဘာ့ အခြား နေရာက လူငယ် အတော်များများလည်း ကျနော့် နည်းတူပါပဲလို့ ယူဆတယ်။ ဟိုးငယ်ငယ်တုန်းကဆို အဖွားပြောပြတဲ့... သူတို့ ငယ်ငယ်က ကျွဲကြီး (B-29) လေယဉ်တွေ လာပဟေ့ ဆို အိမ်အောက် ဆင်းပြေး ရတာတွေ၊ ကျနော် ထမင်းစားနှေးရင် ပြောပြတဲ့ သူတို့ ငယ်ငယ်က ဗုန်းလာမကျဲခင် ထမင်း မြန်မြန် စားရတာတွေ လောက်ကလွဲလို့ ဘာမှ ပိုမသိခဲ့ပါဘူး။ အခု အရွယ်တောင် ကျနော် နိုင်ငံ အပြင်ကိုသာ ရောက်မလာခဲ့ရင် ကျနော် အဲဒါထက် ဘာမှ ပိုသိမှာမဟုတ်ပါဘူး။
အခုခေတ် လူငယ်တွေ ဂိမ်းဆော့ကြတာ၊ ဂိမ်း လုပ်ငန်းဟာ အင်မတန် ကျယ်ပြန့် လာတာနဲ့ ပတ်သက်လို့ လွန်ခဲ့သော ပိုစ့်တစ်ခုမှာ ဆိုခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီ ဂိမ်းတွေထဲမှာမှ သူ့လိုင်းနဲ့သူ ရှိပြီး ဝါသနာ မပါတဲ့လူဆို ပျင်းလွန်းလို့ နောက်ကတောင် ရပ်မကြည့်နိုင်ကြတဲ့ Strategy ဂိမ်း သမားတွေလည်း ရှိကြပါတယ်။ နားလည်ပါတယ်။ သူများတွေ ပွဲစတာနဲ့ တဒိုင်းဒိုင်း ပစ်တဲ့၊ တစ်ခုခုဖြစ်တဲ့... ဒါမှမဟုတ် မျက်လုံးထဲ ယဉ်ပြီးသား အားကစား ဂိမ်းတွေ ဆော့တဲ့ လူတွေကြားမှာ၊ စိန်ပြေနပြေ အခိုင်အခံ့ စခန်းကြီး ဆောက်ပြီး အေးအေးဆေးဆေး တိုက်ကြတဲ့ Strategy သမားတွေကို စိတ်မဝင်စားကြတာ အထူးအဆန်းတော့ မဟုတ်ပါဘူး။
ကျနော်ကတော့ ငယ်ငယ်ကတည်းက မြန်မာပြည်ထဲမှာ ဂိမ်းဆိုင် သွားတတ်တဲ့ အရွယ်ကတည်းက အဲလို Real Time Strategy ဂိမ်း ဆော့နေတဲ့ လူတွေ ကစားနေတာကိုပဲ နောက်ကနေ သွားရပ်ကြည့်ဖြစ်ခဲ့ပါတယ်။ ကျနော် ဆော့နိုင်တဲ့ အရွယ်၊ အခွင့်အရေး ရလာတော့ အဲဒီတုန်းက ကျနော် ရပ်ကြည့်ခဲ့ရတဲ့ ဂိမ်းတွေကို တစ်ခုချင်းစီ ပြန်ပြန် ရှာပြီး ကျနော် ဆော့ဖြစ်ခဲ့ပါတယ်။
Real Time Strategy မှာ Space တွေ၊ အနာဂါတ် စိတ်ကူးယဉ် သိပ္ပံ စစ်ပွဲပုံစံတွေ၊ City Building game အချို့ တွေနဲ့ ကျနော့် ကွန်ပျူတာနဲ့ မဆော့နိုင်အောင် အဆင့်မြင့်တဲ့ ဂိမ်းတွေက လွဲလို့ ကျနော် ဆော့ဖူးတာ များပါတယ်။ ထပ်တိုးတဲ့ ဗားရှင်းတွေကိုမှာ စက်မနိုင်တာကတော့ မတတ်နိုင်လို့ မဆော့ဖြစ်ပါဘူး။
ဥပမာ Age of တွေ အပါအ၀င် ရှေးခေတ် ကာလ Command and Conquer ဂိမ်းတွေထဲမှာဆို...
- Age of Empires စီးရီးတွေထဲမှာ ၂ ဆော့နေကျ၊ အခု ၃ ကို ဆော့ဖို့ ကြံနေတယ်။
- Age of Mythology လည်း The Titans အထိ ဆော့ဖူးတယ်။
- Celtic Kings ကို Rage of war ဆော့ဖူးတယ်။
- Cossacks စီးရီးထဲမှာ Back to war, Art of War အထိ ဆော့ဖူးတယ်။ Napoleonic wars ကတော့ စက်မနိုင်လို့ မဆော့နိုင်သေးဘူး။
- Empire Earth သုံးခုထဲမှာ ၁ ဆော့ဖူးတယ်။
- Strong Hold ကို Crusader ဗားရှင်း အထိ ဆော့ဖူးတယ်။
- Total War စီးရီးတွေတော့ မဆော့ဖူးသေးဘူး။
- Rise of Nations လည်း Thrones and Patriots ကို ဆော့ဖူးတယ်။
ကျနော် အဲဒါတွေ ပြောပြနေတာဟာ ထုံးစံအတိုင်း ကျနော် ပြောချင်တဲ့ အကြောင်းအရာဆီကို ဦးတည်နိုင်ဖို့ ပါပဲ။ အင်္ဂလန်မှာ ၁၉၈၃ ခုနှစ်မှာ ထုတ်လုပ်ခဲ့တဲ့ Stonkers ဆိုတဲ့ ဂိမ်းကနေ Real Time Strategy ဆိုတဲ့ အမျိုးအစား စလာခဲ့ပါတယ်။ စပေါ်လာ ကတည်းကကို စစ်တိုက်တဲ့ Command and Conquer ဂိမ်း တစ်ခု အနေနဲ့ စတင်ခဲ့ပါတယ်။ အမေရိကမှာတော့ ၁၉၈၇ ခုနှစ်မှ The Ancient Art of War ဆိုတဲ့ ဂိမ်းနဲ့ Real Time Strategy ဂိမ်း စပေါ်ပါတယ်။ အမေရိကမှာ စစချင်း ပေါ်တဲ့ ဂိမ်းကလည်း စစ်တိုက်တဲ့ ဂိမ်းပဲ ဖြစ်မယ် ဆိုတာကလည်း နာမည်ကို ကြည့်လိုက်တာနဲ့ သိသာပါတယ်။
ကျနော်တို့ လူသားတွေမှာ ကျနော်တို့ အခေါ် သားရဲတိရိစ္ဆာန် ဘ၀ကနေ ယဉ်ကျေးမှုနဲ့ လူ ဆိုတာ ဖြစ်လာကြ ပေမဲ့ ကျနော်တို့မှာ အဲဒီ သားရဲတိရိစ္ဆာန် အကျင့် တစ်ချို့ကို ဖျောက်ဖျက်လို့ မနိုင် ဖြစ်တာမျိုး ရှိနေသေးပါတယ်။ အိမ်မှာ အစာ အလုံအလောက်၊ ကုန်လည်း ထပ်သွားဝယ်လို့ ရနိုင်ပေမဲ့ ရှေးတုန်းက အမဲလိုက်၊ အစာရှာရင် နောက်တစ်ခါ ထပ်ရှာမရရင် ငတ်မှာစိုးလို့ အခု ရထားတာကို တဝတပြဲ စားခဲ့ကြတဲ့ အလေ့ အထဟာ လူသား အများစုမှာ အခုထိ မဖျောက်နိုင်ကြသေးပါဘူး။ အဲဒီအတိုင်းပဲ တကမ္ဘာလုံးမှာ နည်းနည်းနဲ့ ကျဲကျဲဝိုင်းတာရယ်၊ များများကြီး အပြုံလိုက် သေတာရယ်၊ ဘယ်လိုပဲ ဖြစ်ဖြစ် တွင်ကျယ်စွာ ရှိနေသေးတဲ့... အချင်းချင်း ကိုက်မှု၊ စစ်ပွဲတွေဟာလည်း လောဘသား များကြောင့် (သို့မဟုတ်) လူလိုပြောလို့ နားမလည်သူတွေကြောင့် (သို့မဟုတ်) စစ်သွေးကြွ သူတွေ ကြောင့် အခုထိ ရှိနေကြတုန်းပါပဲ။
ဒီလိုနဲ့ ကျနော့်လို ငယ်ငယ်တုန်းက စစ်သားရုပ်တွေ ဆော့၊ သေနတ်ရုပ်တွေ ဆော့၊ ကြီးလာတော့ စစ်တိုက်တဲ့ ဂိမ်းတွေဆော့၊ စစ်ကားတွေ ကြည့်တဲ့ လူငယ်တွေလည်း အများကြီး ဖြစ်နေကြရပါတယ်။ ကျနော့် သက်တမ်း အတွင်းမှာ ဆော့လာတဲ့ စစ်တိုက်တဲ့ ဂိမ်းတွေမှာ မှတ်မှတ်ရရ ပြောရရင်၊ စစ်ဖြစ်တာဟာ မကောင်းဘူး၊ တကယ် စိတ်ထဲမှာ စဉ်းစားသလို ပျော်စရာ မကောင်းဘူး၊ စစ်ဟာ အနိဌာရုံပါ ဆိုတာကို သိအောင် ပြနိုင်တဲ့ ဂိမ်းရယ်လို့ မှတ်မှတ်သားသား၊ တစ်ခုမှကို မရှိခဲ့ပါဘူး။ ရုပ်ရှင်တွေ ထဲမှာတော့ တစ်စ တစ်စနဲ့ ရှိလာပါတယ်။ No Man's land ဆို ကျနော် အကြိုက်ဆုံးနဲ့ စစ်ရဲ့ စိတ်ပျက်စရာ ကောင်းမှုကို ကောင်းကောင်း ဖော်ပြနိုင်တဲ့ ဇာတ်ကားပေါ့။
အက်ရှင်ကားတွေ ကြည့်ရင်း တချိန်က စစ်တိုက်ခဲ့ဖူးတဲ့ အဖိုးတစ်ယောက် ပြောသလိုဆို...
ဆိုတဲ့အတိုင်း စစ်ပွဲဟာ ကျနော်တို့ လူငယ်တွေ Counter Strike ဆော့သလို ခုန်လိုက် ပေါက်လိုက်၊ Head Shot လေးပစ်လိုက်၊ ဘေးက သူငယ်ချင်းကို အဲဒီအကြောင်းလေး အော်ပြီး ကြွားလိုက်နဲ့ လုပ်နိုင်တဲ့ အရာမျိုး မဟုတ်ပါဘူး။ ဂိမ်းထဲမှာ သေတာ ပြန်ပြန် ထလာပေမဲ့ တကယ့် စစ်ပွဲမှာကျတော့ လူတွေဟာ တန်းသေသွား ကြတာပါပဲ။
ဂိမ်းထဲမှာ သေဆုံးသွားတဲ့ ယူနစ် တစ်ခုဟာ ဘာမှမဟုတ်ပေမဲ့ အပြင်မှာ သေဆုံးသွားတဲ့ စစ်သား တစ်ယောက်ဆို သူ့ရဲ့ နောက်မှာ ကျေကွဲဝမ်းနည်းနေတဲ့ သူ့မိသားစု ရှိတယ်။ အမေက အဖေ တိုက်ပွဲမှာ ကျသွားတာကို အသိမပေးရက်လို့ အဖေ ပြန်လာမလားလို့ နေ့တိုင်း မျှော်နေမဲ့ သူ့ သားသမီးတွေ ရှိကောင်း ရှိမယ်။ သူအသက်ရှင်စဉ်၊ စစ်ကြီး မတိုင်မီမှာ လုပ်ကိုင်သွားခဲ့တဲ့ အလုပ်အကိုင် တစ်နေရာစာ နိုင်ငံတော်က ဆုံးရှုံးသွားတယ်။
စစ်ဖြစ်ရာ စစ်တလင်း နိုင်ငံမှာ အသက် အိုးအိမ် ပျက်စီး ဆုံးရှုံးသွားတဲ့ ပြည်သူ လူထုတွေရှိနေတယ်။ ကိုယ်ကောင်းရင် ခေါင်းမရွေ့ဘူး ဆိုပေမဲ့ ကိုယ်က ကောင်းရဲ့သားနဲ့ စစ်ကြောင့် အလကား သက်သက် အထိနာရတဲ့ လူတွေ ရှိခဲ့ကြတယ်။ ကျနော်တို့ မြတ်နိုးတဲ့ အရာတွေ အားလုံးကို သိမ်းဆည်းထားတဲ့ ကျနော်တို့ရဲ့ အိမ်တွေရယ်၊ ချစ်သူ ခင်သူတွေ ရှိတဲ့ မြို့ကြီးကို ဗုံး တန်ချိန်ပေါင်း များစွာနဲ့ ဖျက်ဆီးလိုက်တဲ့အခါ ခံစားရတဲ့ ခံစားချက် ဆိုတာဟာ တကယ်မကြုံတွေ့ ပဲနဲ့တောင် မျက်ရည် လည်ချင်စရာ ကောင်းလှပါတယ်။
ကျနော်မှတ်မိသလောက် ငယ်ငယ်က ကြည့်ခဲ့ဖူးတဲ့ ချာလီချက်ပလင် ထဲမှာတောင် ဒုတိယ ကမ္ဘာစစ် ကာလနဲ့ ပတ်သက်တဲ့ ဇာတ်ကားထဲမှာ စစ်ပွဲရဲ့ အနိဌာရုံတွေကို ဟာသ ရုပ်ရှင်ပေမဲ့ သူ့နည်း သူ့ဟန်နဲ့ သနားစဖွယ် ဖြစ်အောင် ပြသွားနိုင်သေးတယ် လို့ မှတ်မိပါတယ်။
Photo: from hereတကယ်တမ်း ကိုယ်ပိုင် ခံစားမှု မပါနိုင်ပဲ လက်ချောင်း နှစ်ချောင်းနဲ့ နှိုပ်နှိုပ်ပြီး ဆော့နေရတဲ့ ဂိမ်းတွေ ဆိုတော့ တကယ် စစ်ကို ရွံ့တဲ့ ခံစားမှု ဖြစ်လာဖို့ကတော့ ခက်ခဲပါတယ်။ ဒါပေမဲ့ အတတ်နိုင်ဆုံး အနာဂါတ် ကမ္ဘာရဲ့ ငြိမ်းချမ်းရေးအတွက်၊ အနာဂါတ်မှာ ကမ္ဘာကို တည်ဆောက်မဲ့ မျိုးဆက်သစ်တွေ အတွက် စစ်ပွဲဆိုတာ တကယ်တမ်း ပျော်စရာ မကောင်းပါဘူး ဆိုတာကိုတော့ သိစေသင့်တဲ့ အချိန် ရောက်ပြီ ထင်မိတယ်။









2 comments:
ညီလေး ထူးမြတ်ရေ အကို့သူငယ်ချင်းတစ်ယောက် http://www.thetpaingthu.com/ က Creative Common License အကြောင်းသိချင်လို့တဲ့။
ပို့စ် ရေးပြီးသားရှိရင်ညွန်းပါအုံး။
မရှိရင်ရေးပေးပါအုံး
အကိုရေ... ကျနော် ပန်ဒိုရာ ဘလော့ဂ်ကနေ ဖတ်လာတာပါ။
အောက်ပါ လင့်ခ်မှာ သွားဖတ်နိုင်ပါတယ်။ ကျေနာ် သူ့ဘလော့ဂ်မှာ အဲဒီလင့်ခ် သွားတင်ပေးပါမယ်။
http://pandora-and-pandora.blogspot.com/2008/11/creative-commons_03.html
Post a Comment