Tuesday, February 24, 2009

Happy Tree Friends

All 20 characters of Happy Tree Friends (photo: Wikipedia)

သွေးထွက်သံယိုတွေ ပြတာမှ ပက်ပက်စက်စက်ကွာ... လို့ ရေရွတ်တဲ့ စကားဝိုင်းမှာဆို ဘာအကြောင်း ပြောတာလို့ ထင်မိပါသလဲ... ဖြစ်နိုင်တာကတော့ သူတို့ကြည့်တဲ့ စိတ္တဇ လူသတ်ကား အကြောင်း ဒါမှမဟုတ် သရဲကား တစ်ကားကား အကြောင်း ပြောနေတာ ဖြစ်ကောင်းဖြစ်မယ်။ ဒါမှမဟုတ် Final Destination လို ပက်ပက်စက်စက် သေတဲ့ ကားမျိုးသော်လည်းကောင်း၊ စစ်ကားသော်လည်းကောင်း ဖြစ်ကောင်းဖြစ်လိမ့်မယ်။

ဒါပေမဲ့ ကလေးကြိုက် ကာတွန်းရုပ်လေးတွေနဲ့ ပျော်စရာ တီးလုံး လေးတွေနဲ့ ကာတွန်းကား တစ်ကားအကြောင်း ပြောနေတာလို့တော့ ဘယ်သူမှ တွေးမိဖို့ မရှိပါဘူး။ ကာတွန်းကား အကြောင်း ပြောနေတာ ဆိုလို့ကတော့ အဲဒီ ကာတွန်းကားဟာ Black comedy စာရင်းထဲ သွင်းထားခံရသော Happy Tree Friends ပဲ ဖြစ်ပါလိမ့်မယ်။ Happy tree friends ဟာ ကလေးကြိုက် ချစ်စရာ ကာတွန်းရုပ်လေးများနဲ့ ပျော်စရာ ဂီတသံလေးတွေနဲ့ စတင်ပြီး ပက်ပက်စက်စက် သွေးထွက်သံယို ဖြစ်တာကို အတုံးလိုက် အတစ်လိုက် ပြတဲ့ Flash ကာတွန်းတို အပိုင်းငယ်လေးတွေပဲ ဖြစ်ပါတယ်။

ကလေးကြိုက် ကာတွန်းရုပ်လေးတွေ ပါပေမဲ့ သူတို့ တရားဝင် ဆိုက်မှာကို "not recommended for small children" လို့ သတိပေးထားပါတယ်။ သူတို့တွေရဲ့ ချစ်စရာ ကာတွန်းရုပ်လေးတွေ ပါဝင်တဲ့ ဇာတ်ကားတိုင်း လိုလိုမှာ သေလုမြောပါး နာကြင်တာ၊ သွေးထွက်သံယို ဖြစ်တာ၊ ပက်ပက်စက်စက် သေဆုံးတာကတော့ အမြဲတမ်း ပါဝင်ပါတယ်။ ကျနော် အောက်မှာ သူတို့ထဲက သိပ်မဆိုးဘူးလို့ ထင်ရတဲ့ ဗီဒီယိုလေးတစ်ခု နမူနာ တင်ထားပါတယ်။ အဲဒီထဲမှာတောင် အတော်လေး ပက်ပက်စက်စက်တွေ ပါပါတယ်။ နှလုံးရောဂါ ရှိတဲ့လူတွေ ကြည့်သင့် မကြည့်သင့်တော့ ကျနော်လည်း အတိ အကျ မပြောနိုင်ပါဘူး။



အဲလို ပက်ပက်စက်စက် ပြတာကလည်း မထင်မှတ်ပဲ အကြီးအကျယ် အောင်မြင်ခဲ့ပါတယ်။ ၁၉၉၉ ခုနှစ်မှာ စတင်ခဲ့တဲ့ ဒီ ကာတွန်း အပိုင်းငယ်တွေဟာ... ၂၀၀၀ ခုနှစ် အင်တာနက် အချက်အလက်အရ Happy Tree Friends ၀က်ဘ်ဆိုက်မှာ တစ်လကို အကြိမ် ၁၅သန်းလောက် ကလစ်ခ် လုပ်ခြင်းခံရပြီး ရုပ်ရှင် ပွဲတော်တွေမှာ ပြသခြင်း၊ အချို့ နိုင်ငံတွေမှာ ရုပ်မြင်သံကြား ကနေ ထုတ်လွှင့်ပြသတာမျိုး ရှိခဲ့ပါတယ်။

ကျနော့် ပုဂ္ဂလိက အမြင်အနေနဲ့ကတော့ ဒီလို ချစ်စရာကောင်းတဲ့ အရုပ်လေးတွေနဲ့ ပက်ပက်စက်စက် သွေးထွက် သံယိုတွေ ပြတာဟာ ၀ိရောဓိ ဖြစ်တဲ့အတွက် အဲလို အကြံဥာဏ် ရတာကို ချီးကျူးမိတယ်။ အပိုင်း ၂၀ လောက် ကြည့်ဖူးသွားရင် အဲဒီ ကာတွန်းအတွက် ဇာတ်ညွှန်းရေးတဲ့ လူတွေကိုတောင် ဒီလို ပက်ပက်စက်စက် သေကွင်း သေကွက်တွေကို စဉ်းစားတတ်လွန်းလို့ ပုံမှန်လူတွေတောင် ဟုတ်ရဲ့လားလို့ ထင်လာမိပါလိမ့်မယ်။ သဘောကျရင် Youtube မှာ နောက်ထပ် အများကြီး ရှာဖွေ ကြည့်ရှုနိုင်ပါတယ်။ ကျနော်ကတော့ တခါတခါ ကြည့်ရင် ဘယ်လိုမှ များများ မကြည့်နိုင်ပါဘူး။ ကြာတော့ ကိုယ်တိုင်တောင် ကြည့်ရင်း စိတ်ထဲမှာ တွေးပြီး မခံစားနိုင်တော့ဘူး ဖြစ်လာလို့ပါ။ ဒါပေမဲ့ အနည်းငယ်တော့ ကြည့်လို့ ကောင်းပါတယ်လို့ မြင်မိပါတယ်။

1 comments:

ယောနသံစင်ရော် said...

ကိုထူးမြတ်ရေ.. အန်တီလည်း အဲ့ဒီကာတွန်းကားလေးတွေ ကို youtube မှာ အမှတ်မထင်ကြည့်ဖူးတယ်... ချစ်စရာကောင်းသလောက် .. နှလုံးမသာမယာဖြစ်ရလွန်းတယ်။