ကျနော် လွန်ခဲ့တဲ့ လက ကောလိပ်ဝင်ဖို့ အင်္ဂလိပ်စာ သွားဖြေတော့ တောင်အမေရိကသား တစ်ဦးနဲ့ တွေ့တယ်။ ထိုင်စောင့်နေရင်း အလာပ သလာပ ပြောဖြစ်တော့ ထုံးစံအတိုင်း လာခဲ့တဲ့ နိုင်ငံကို မေးတော့တာပေါ့။ ကျနော်က မြန်မာလို့ ပြောလိုက်တော့ ဖြစ်နေကျအတိုင်းပဲ မသိပါဘူး။ အဲဒီအခါမှာ သူ့ လက်စွဲ ကွန်ပျူတာလေးကနေ Youtube စာမျက်နှာကို ဖွင့်ပြီး မြန်မာကို ရိုက်ရှာလိုက်ပါတယ်။ အဲဒီတုန်းက သူရိုက်ရှာလိုက်တော့ ကံဆိုး ထောက်ကျစွာနဲ့ ကော်ပီ သီချင်းတစ်ပုဒ်က ထိပ်မှာ ထွက်လာတယ်။ သီချင်း နာမည်တောင် မမှတ်မိတော့ဘူး။
သူများ အဲဒီသီချင်းလေး ဖွင့်နားထောင်လိုက်ရင် မျက်နှာ ဘယ်နား ထားရမယ်တောင် သိတော့မယ်မထင်ဘူး။ အော်ရီဂျင်နယ် သီချင်းကို သူမကြားဖူးရင်တော့ တစ်မျိုးပေါ့။ ကျနော် ပြောချင်တာက အဲဒါဟာ ပထမဆုံး အတွေ့အကြုံ မဟုတ်တော့ပါဘူး။ တို့ ဒေါ်အောင်ဆန်းစုကြည် ဘယ်လောက် နာမည်ကြီးပါတယ် ဆိုဆို မြန်မာပြည်ကို မသိသူတွေ အများကြီး၊ အများကြီးမှ၊ အများကြီး ရှိနေပါတယ် ဆိုတာကို ကျနော်တို့ အားလုံး သဘောပေါက် ကြရပါမယ်။
ကျနော်တို့ လူများစုရဲ့ သဘောတူညီမှုနဲ့ သွားနေတဲ့ (လို့ထင်ရတဲ့) အကြမ်းမဖက် လမ်းစဉ်ကြီးနဲ့ဆို တပ်မတော် အစိုးရကို ကမ္ဘာက ဖိအား ပေးနိုင်ဖို့အတွက် ကျနော်တို့ နိုင်ငံမှာ ဘယ်လိုတွေ ဖြစ်နေတယ်၊ ဘာတွေလုပ်နေတယ် ဆိုတာကိုလည်း နည်းနည်းတော့ ကမ္ဘာအ၀ှန်းက လူတွေက တီးမိခေါက်မိ ရှိနေသင့်တယ်လို့ မထင်မိကြပေဘူးလား...
လိုရင်းကို ရောက်အောင် စကားမစပ်လေး ဆွဲထည့်ရရင် ၁၉၆၁ ခုနှစ်မှာမှ MIT ကျောင်းသား နှစ်ယောက်နဲ့ အဲဒီက ၀န်ထမ်းတစ်ယောက် ပူးပေါင်း လုပ်ပြီး Space war ဆိုတဲ့ဂိမ်းလေးကနေ စပေါ်တဲ့ Personal Computer Game တွေဟာ အခုချိန်မှာဆို သူ့လိုင်းနဲ့သူ ပုံမှန်သွားနေတဲ့ လုပ်ငန်းတစ်ခု ဖြစ်လာခဲ့ပါပြီ။ ဒီကနေ့မှာဆို ကွန်ပျူတာထဲမှာ သွင်းထားရသော Counter-Strike လို first person shooter ဂိမ်းလို၊ World of war craft လို Hero ဂိမ်းတွေ၊ နောက် တခြား Real Time Strategy ဂိမ်းတွေ အပါအ၀င်၊ အားလုံးနီးပါးဟာ အင်တာနက်ပေါ်မှာ ဆာဗာတွေနဲ့ ချိတ်ဆက် ကစားလို့ ရနိုင်နေပါတယ်။ အဲဒီမှာမှ စက်ထဲမှာ ဘာမှ သွင်းထားစရာ မလိုပဲ ဆော့နိုင်တဲ့ Cybernations တို့ Travian တို့လို ဂိမ်းမျိုးတွေလည်း အင်တာနက် ပေါ်မှာ ရှိနေပါတယ်။
အမေရိက တစ်နိုင်ငံထဲမှာတင် ဒီကနေ့ အင်တာနက် လှိုင်းပေါ်မှာ တည်ထားတဲ့ ဂိမ်း ဆာဗာပေါင်း ငါးသိန်းကျော် ရှိနေပြီလို့ ၀ီကီပိဒိယ အရ သိရပါတယ်။ ဒါတောင် ဂိမ်းကို အသေအကျေ ဆော့ကြတဲ့ တရုတ်ပြည်မှာ ဘယ်နှစ်ခု ရှိလဲ ဆိုတာကို မသိရသေးပါဘူး။ အဲဒီ ဆာဗာ တစ်ခုချင်းစီမှာလည်း ၀င်ရောက် ဆော့နေကြတဲ့ လူပေါင်းဟာ အနည်းဆုံး သောင်းဂဏန်းတော့ ရှိကြပါတယ်။ အဲလိုထဲမှာ ၀င်မဆော့ပဲ ကိုယ့်ဟာကိုယ် အင်တာနက် မတက်ပဲ ဆော့တဲ့ ကျနော်တို့လို ကွန်ပျူတာဂိမ်း ကစားသူတွေလည်း ရှိနေကြပါသေးတယ်။
အဲဒီမှာမှ ဂိမ်းကို အသုံးချတတ်ရင် ဘယ်လို အကျိုးအမြတ် ပေါ်လာတတ်တယ် ဆိုတာကို ပြောပြရရင်... ဥပမာ တစ်ခုအနေနဲ့... ဒီခေတ် လူငယ်တွေ အတော်များများမှာ ကွန်မြူနစ်တွေ အကြောင်း မကြားဖူးရင် မကြားဖူးဘူး။ ကြားဖူးတယ် ဆိုလည်း ရန်သူလို့ပဲ မြင်မှာပါပဲ။ ဂိမ်းအတော်များများမှာ ကွန်မြူနစ်တွေဟာ ရန်သူတွေ ဖြစ်ပါတယ်။ ကျနော်ငယ်ငယ်လေး ကတည်းက Nintendo ဂိမ်းစက်လေးမှာ အခွေထိုးပြီး ဆော့ကတည်းက အမေရိကန် သူရဲကောင်း နှစ်ယောက် ကျူးဘားကျွန်းကို တက်သိမ်းတဲ့ ဂိမ်းလေး ဆော့ဖြစ်တာ ခုထိ မှတ်မိပါသေးတယ်။
အခြား ဥပမာ တစ်ခု ပြရရင် Freedom Fighters ဆိုတဲ့ ဂိမ်းကို ကျနော် ဆော့ဖြစ်တာ မကြာသေးပါဘူး။ သူ့ နာမည်နဲ့ ပုံစံကြည့်ပြီး ကျနော်မှန်းတာက... ရုရှား ဆိုဗီရက် အစိုးရကို မကျေနပ်တဲ့ သူတို့ လူတွေက တော်လှန်တာလား... ဒါမှမဟုတ် ဆိုဗီယက် ယူနီယံ ခေတ်က သိမ်းထားတဲ့ ဥရောပ နိုင်ငံငယ် တစ်ခုခုကများ ပုန်ကန်တဲ့ သဘော ဂိမ်းလုပ်တာလားလို့ပေါ့။ တကယ်တမ်း ဆော့ကြည့်တော့ ဂိမ်း ဇာတ်လမ်းအရ ဆိုဗီယက် တပ်နီတော်က New York ကို သိမ်းပြီး အဲဒါကို အမေရိကန် Freedom fighter တွေက တော်လှန်တဲ့ ဇာတ်ပါ။ စဉ်းစားသာ ကြည့်ပေါ့။ ဘယ်တုန်းကမှ ဖြစ်မလာခဲ့တဲ့ ဇာတ်ကိုတောင် ဖန်တီးပြီး တကယ်လို့များ ဖြစ်လာခဲ့ရင် ဒီလိုသာ လုပ်ကြပါလို့ စာတန်းမထိုးပေးရုံ တမယ်ပါပဲ။ ၀ါဒဖြန့်တာ ကောင်းချက်ပါ။
အဲလို ဖြစ်နိုင်တဲ့အချိန်မှာ ဂိမ်းကစားတဲ့ လူငယ်တွေ များစွာအတွက် တခြား မီဒီယာအမျိုးအစားနဲ့ ပေါက်ဖို့ မလွယ်ကူပါဘူး။ တစ်နည်းအားဖြင့် Age of Mythology ကို ကစားလို့ Greek Mythology ကို စိတ်ဝင်စား လာတာမျိုး ဖြစ်သွားအောင် လုပ်မှ ရမှာပါ။ အဲဒီတော့ မြန်မာအကြောင်းကို နည်းနည်းပါးပါး စိတ်ဝင်တစားလေး ဟိုရှာ သည်ရှာ ကြည့်လာကြအောင် မြန်မာ့ တော်လှန်ရေးနဲ့ ပတ်သက်တဲ့ဂိမ်းများ ရှိရင် မကောင်းဘူးလားလို့ ကျနော်တွေးမိတယ်။ ဂိမ်း Intro တွေမှာကအစ ဆန္ဒပြတဲ့ အခန်းတွေ၊ စစ်တပ်က တကယ် ပစ်သတ်ခဲ့တဲ့ မှတ်တမ်းဝင် ဗီဒီယိုတွေ ထည့်ပေးမယ်၊ Campaign တွေကိုလည်း တကယ့်သမိုင်းအတိုင်း သွားမဲ့ ဂိမ်းပေါ့။
တကယ်လို့ ကျနော်တို့ မြန်မာ့ တော်လှန်ရေးနဲ့ ပတ်သက်တဲ့ ဂိမ်းကို ဆော့ဖူးတဲ့ ကလေးဟာ လူကြီးဖြစ်လာတဲ့ အခါ ကိုယ့်အလုပ် ကိုယ့်အကိုင်နဲ့ ဂိမ်းဖက် မလှည့်နိုင်တော့ရင်တောင် တကယ်လို့ မြန်မာ့အရေးအတွက် တစ်ခုခု အက်ရှင် ယူသင့် မယူသင့် သူတို့ နိုင်ငံအစိုးရမှာ မဲခွဲကြပြီဟေ့ ဆို... တခါမှတောင် မကြားဖူးတဲ့ နိုင်ငံအတွက် ဘာလို့ ကူဖို့ မဲထည့်ပေးရမှာလဲ ဆိုတာထက်၊ စစ်တပ် အုပ်ချုပ်တဲ့ နိုင်ငံပဲ။ ငယ်ငယ်က ကစားဖူးတဲ့ ဂိမ်းထဲမှာတုန်းက ပြည်သူတွေကို ပစ်သတ်တဲ့ အကြောင်းတွေ တွေ့ဖူးတယ်။ အဲဒီတော့ ဘာပဲပြောပြော ကူဖို့ ဖက်ကို မဲ ထည့်လိုက်ပါ့မယ်လေ ဆိုပြီး ဖြစ်တာမျိုးလောက်တော့ ရှိလိမ့်မယ်လို့ ခန့်မှန်းတယ်။
ဒါ့အပြင် မြန်မာ လူငယ် ပညာရှင်တွေကို စုစည်းပြီး Game project တစ်ခုကို ဖွင့်ပေးနိုင်ရင် (မြန်မာပြည် အပါအ၀င်) နိုင်ငံ တကာမှာ ပြန့်ပွား ယိုစီးနေတဲ့ မြန်မာ ဦးနှောက်တွေရဲ့ စုပေါင်း ဖန်တီးမှု တစ်ခုကို တွေ့ရမှာဖြစ်ပါတယ်။ ဖြစ်နေကျအတိုင်း အဖွဲ့ဖွဲ့ပြီး မကြာခင်မှာပဲ ကွဲမသွားခဲ့ရင်တော့ ကျနော်တို့ မြန်မာတွေရဲ့ တော်ပုံနဲ့ဆို တကယ် ကောင်းတဲ့ ဂိမ်းတစ်ခု ထွက်လာမှာ မလွဲပါဘူး။
ပြည်ပမှာ မြန်မာ programmer တွေ အများကြီး ရှိနေကြပါပြီ။ ပြည်တွင်းက မြန်မာ လူငယ်တွေဟာ ဂိမ်းရဲ့ အသံပိုင်း ဆိုင်ရာကို ကူညီနိုင်မယ်။ နောက် တကယ်လို့ 3D ရုပ်ပုံတွေ မသုံးပဲ Red alert 2, Age of Empires 2 တို့လို လုပ်မယ်ဆို ပြည်တွင်းက ပန်းချီ ပညာရှင်တွေနဲ့ အရုပ်တွေ ဖန်တီးလို့ ရပါသေးတယ်။ စီးပွားပျက်ကပ်ကြီးမှာ အန္တရာယ်အတွက် နာမည်မဖော်နိုင်ပေမဲ့ ၀င်ငွေရှိတဲ့ အလုပ်လေးနဲ့ဆို အတွင်းက လူငယ်တွေလည်း အဆင်ပြေမယ်။ ပြည်တွင်းစစ်နဲ့ ပတ်သက်တဲ့ ဂိမ်းမျိုး လုပ်မယ်ဆို မြန်မာ ပြည်တွင်းက ဖြစ်ဖြစ် ပြည်ပက ဖြစ်ဖြစ် ပြည်တွင်းစစ် ကာလသမိုင်း ကျွမ်းကျင်သူတွေပါ ငှားရမ်းပြီး အလုပ်ပေး နိုင်ပါတယ်။ အင်္ဂလိပ် မြန်မာ နှစ်ဘာသာ ထုတ်မဲ့ ဂိမ်းဆို အင်္ဂလိပ် မြန်မာ နှစ်မျိုးလုံး ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်တဲ့ ပညာရှင်တွေလည်း အလုပ်ရနိုင်ပါသေးတယ်။ Real time strategy ဂိမ်းတစ်ခုဆို unit တိုင်းအတွက် အသံက တစ်မျိုးစီ လိုအပ်မှာ ဖြစ်တဲ့အတွက် လူအတော်များများဆီက အသံတွေကို သွင်းယူခြင်းနဲ့ သူတို့ကို ၀င်ငွေ အနည်းငယ် ပေးနိုင်ပါမယ်။
ဝါဒဖျန့်ချိခြင်း အကျိုးအမြတ်အနေနဲ့ ဒီအတိုင်းဆို တခြားလူတွေက ကြည့်ချင်မှ ကြည့်ကြမဲ့ ၈၈ အရေးအခင်း၊ ရွှေဝါရောင် တော်လှန်ရေးတုန်းက ပစ်ခတ်တဲ့ ဗီဒီယိုတွေကို ကျနော်တို့ ကြားထဲမှာ ထည့်မယ်။ Game intro မှာ မြန်မာပြည်ရဲ့ သမိုင်းကို ချုံပြီး နားလည်နိုင်လောက်တဲ့ animation ပဲဖြစ်ဖြစ်၊ ရုပ်ရှင် သဘောမျိုး ဖြစ်ဖြစ် ထည့်မယ်။ မြန်မာ့ တော်လှန်ရေးကြီးကို ငွေထောက်ပံ့ ကူညီနေကြသူတွေလည်း ဘာကြောင့် လုပ်ရကြောင်း ထိရောက်တဲ့ အကြောင်းပြချက်နဲ့ ဂိမ်းတစ်ခု ပေါ်လာမယ်ဆို ထောက်ပံ့ချင်ကြမယ် ထင်ပါတယ်။ (ဒီအတိုင်းလည်း ပျောက်ပျောက်ကုန်တာ နှစ်ပေါင်းနဲ့ ငွေသန်းပေါင်းမှ မနည်းတော့တာ...) စီးပွားဖြစ် ဂိမ်း အနေနဲ့တော့ ဘယ်စီးပွားရေးသမားမှ စွန့်စား ထုတ်ချင်မှာ မဟုတ်တဲ့အတွက် ရနိုင်တဲ့ နေရာကနေ ငွေအား အကူအညီနဲ့ ဇာတ်ညွှန်းပိုင်းနဲ့ အတွေးအခေါ်ပိုင်း ၀င်ရောက် စွက်ဖက်ခြင်း မရှိတဲ့ နည်းပညာပိုင်း ဆိုင်ရာ အကူအညီတော့ လက်ခံဖို့ လိုအပ်လိမ့်မယ်လို့ ထင်မိပါကြောင်း...

3 comments:
ဒီအကြံကောင်းတယ်ဟ..
တဖွဲ့ဖွဲ့က သေချာအကောင်အထည်ဖော်သင့်တယ်..
တယ်တော်တဲ့ ထူးမြတ်ပါပဲ....
ညီလေး အတွေးလေး ကောင်းလိုက်တာ။ ခုတော့ ရမ်ဘိုလို အပေါစား ဂိမ်းတွေပဲ ထွက်လာတယ်။
အခု မဖြစ်နိုင်သေးရင်လဲ သူငယ်ချင်း ကျနော်တို့ပညာစုံရင် ပေါင်း ဆွဲကျတာပေါ့
design နဲ့ animation အပိုင်းမှာ အရမ်းတော်တဲ့ ဝါသနာရှင် သူငယ်ချင်းတွေရှိတယ်
Post a Comment