Friday, January 02, 2009

၂၀၀၉

အချိန်တွေဟာ ပျံသန်းသွားတယ် ဆိုတာဟာ သိပ်မှန်တယ်။ အချိန်ဟာ ပျံသန်းတဲ့ ယဉ်တစ်စင်းဆို ကျနော်တို့ဟာ သူ့ထဲမှာ စီးနင်း လိုက်ပါနေကြတာပဲ ဖြစ်လိမ့်မယ်။ တခါတလေ အိပ်ယာထဲမှာ ဖြစ်ဖြစ် ပက်လက်လှန်ပြီး အိပ်မပျော်ရင် အတွေးက လေထဲ လွှတ်ထားတဲ့ စွန်လို လေကိုလွှဲချပြီး သူ့ဟာသူ အရူးအမူး လမ်းသလား နေတတ်တယ်။ အခုလို နှစ်သစ်မှာတော့ ငါမသေသေးပဲ နောက်တစ်နှစ် ထပ်ရောက်ပြန်ပြီ ဆိုပြီး ဖြတ်သန်းလာတဲ့ အချိန်တွေကို ပြန်စဉ်းစားမိမှာ သေချာသလောက်ပါပဲ။

လွန်ခဲ့သော် နှစ်များစွာတုန်းက ကျနော် လျှောက် စီးခဲ့ဖူးတဲ့ သုံးဘီး စက်ဘီး အနီရောင်လေးကို ပြန်မြင်မိတယ်။ အဲဒီတုန်းက တီဗီကနေ ထီဖွင့်နေတာကို ပြတာပေါ့။ အဲဒီမှာ ကလေးတွေက မသိဘူး ရစ်လုံးလို ဟာကြီးတွေကို လှည့်လှည့်နေတာ... တကယ်ဆို ထိုင်း ထီလိုပဲ အထဲမှာ နံပတ်တွေ ရေးထားတဲ့ အလုံးလေးတွေ ရှိကောင်း ရှိခဲ့ပါလိမ့်မယ်။ ကျနော်က ငယ်ငယ်လေး ဆိုတော့ လှည့်နေတာပဲမြင်တယ်။ အဲဒါနဲ့ ကျနော့် သုံးဘီး စက်ဘီးလေးကို ပြောင်းပြန်လှန်ပြီး ခြေနင်းကို ကိုင်ပြီး သူတို့ လှည့်သလို လှည့်နေခဲ့တယ်။

နောက်ကျတော့ ဘားအံမှာ သာမညတောင်ကို တက်တယ်။ တောင်တက်လမ်းမှာ ချော်လဲတယ်။ နောက် သာမညတောင် ဆရာတော်က ခေါင်းကို တစ်ချက် ပုတ်ပေးလိုက်တယ်။ ယုံကြည်မှုတွေ၊ အစွဲအလမ်းတွေနဲ့ ပတ်သက်လို့ ကျနော်ဟာ ကိုယ်သဘော မကျရင် လစ်လျူရှုထားရုံ ဆိုတဲ့ အဆင့်မှာတင် မရပ်ပဲ ဝေဖန် ပုတ်ခတ် တိုက်ခိုက်တတ်တဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက သာမညတောင် ဆရာတော်က ခေါင်းကို တစ်ချက် ပုတ်ပေးလိုက်ခဲ့လို့ ကျနော် အခုချိန်အထိ နေမကောင်းတောင် မဖြစ်သလောက်နဲ့ ကျန်းကျန်းမာမာ ဖြတ်သန်းလာနိုင်ခဲ့တယ်လို့ အခုထိ ထင်တယ်။

ကျနော်ဟာ ဘယ်တုန်းကမှ ကျောင်းမှာ အလေးသွားလေ့ မရှိပါဘူး။ ကျနော့် အကျင့်ပါပဲ။ အိမ်သာသွားရင် အချိန်ဖြုန်းချင်လို့ ဖြစ်ဖြစ်၊ အပေါ့သွားချင်လို့ ဖြစ်ဖြစ်နဲ့သာ သွားလေ့ရှိပါတယ်။ အဲဒီနေ့က ကျောင်းကလည်း လွှတ်ခါနီးပြီဆိုတော့ ကျနော် အိမ်သာသွားချင်ပေမဲ့ ပေပြီး ထိုင်နေခဲ့ပါတယ်။ ကံအကောင်း အကြောင်းမလှ စွာနဲ့ ကျောင်းမဆင်းခင်ပဲ ကျနော် အတန်းထဲမှာ အီးပါချမိပါလေရော... အစကတော့ သူတို့က အနံ့ကနေစ ရှာဖွေ တွေ့ရှိခဲ့ကြပါတယ်။ ကျနော်က နောက်ဆုံးတန်းမှာ ထိုင်တာဆိုတော့ နံရံမှာပါ ပေသွားခဲ့သေးတယ် ထင်ပါတယ်။ ဂင်းနစ် စံချိန်စာအုပ်မှာ မှတ်မယ်ဆို အဆိုးရွားဆုံး အီးပါချမှုလို့များ မှတ်မလား မသိပါဘူး။ ၂တန်း တုန်းက အဖြစ်အပျက်ပေမဲ့ နောက်ပိုင်း ကျောင်းပြန်ဝင်လာတော့ တခြားအခန်း ကျတော့ အဲဒီ ၂တန်းတုန်းက သူငယ်ချင်းတွေက အဲဒီအဖြစ်အပျက်နဲ့ စပ်လျဉ်းပြီး မှတ်မိကြတယ်။ ဒါကို ဘလော့ဂ်မှာ ရေးရတာလည်း ခပ်လန့်လန့်... တော်ကြာ ဘ၀မှာ အမည်းစက် စွန်းထင်းတယ် ဆိုတာကို ပြောမဲ့အစား မောင်ထူးမြတ် အတန်းထဲ အီးပါချသလို ဖြစ်တယ်လို့ ပြောင်းသုံးကုန်ကြမှ ဒုက္ခ။

မော်လမြိုင်တုန်းက အမှတ်ကိုး အထက်တန်းကျောင်းက ရုံးကြီးဆိုတဲ့ ရပ်ကွက်မှာပေါ့။ ကျောင်းဆင်းရင် ဆရာမရဲ့ ကျူရှင်ကို သွားရတယ်။ ဆရာမက ကျောင်းနားမှာပဲ နေတယ်။ တိုက်တိုက်ဆိုင်ဆိုင် ကျောင်းက တစ်တန်းတည်း၊ တစ်ခန်းတည်း ကောင်မလေး တစ်ယောက်ကလည်း ကျောင်းနားမှာပဲ နေတယ်။ သူ့အမေကလည်း ကျနော်တို့ ကျောင်းက ဆရာမပဲ။ အဲဒီ ကောင်မလေးကလည်း ကျနော့်လိုပဲ အရပ်ရှည်ပြီး လူကောင် ထွားပါတယ်။ မော်လမြိုင်သူဆိုတော့လည်း ကိုယ်လုံးကိုယ်ပေါက်က မိုက်မိုက်ပေါ့ဗျာ... ကျောင်းပြန်ရင် သူ့နောက်က လိုက်လိုက်ပြန်ပြီး စူးရဲတဲ့ မျက်လုံးကြီးတွေနဲ့ Lotusပစ် တာပေါ့ဗျာ... ကောင်မလေးကလည်း မိုက်ကြည့် (ခပ်မိုက်မိုက် အကြည့်ကို ဆိုလိုသည်) ပြန်ကြည့်သား... ကျနော့် ထုံးစံအတိုင်း ဖွင့်မပြောရဲတဲ့ အကျင့်နဲ့ ကျနော် ရန်ကုန်သာ ပြန်ပြောင်းလာခဲ့ရော ဘာမှ ဟုတ်တိပတ်တိ မပြောဖြစ်ခဲ့ပါဘူး။

မော်လမြိုင်မှာ နေခဲ့ရတဲ့ ကာလဟာ ကျနော့်ဘ၀မှာ ထူးခြားတဲ့ ကာလပဲ။ ကျနော်ဟာ မော်လမြိုင်မှာတော့ အတော်လေး သွားတတ် လာတတ် ရှိနေခဲ့တယ်။ ကျနော့်ဘ၀မှာ ဘာကြောင့် ထူးခြားရသလဲ ဆိုတော့ ကျနော်ဟာ နေခဲ့သော အခြားမြို့တွေမှာ သွားတတ်လာတတ်၊ ကျယ်ကျယ်ပြန့်ပြန့် တခါမှ မရှိခဲ့ဖူးလို့ပဲ။ ရန်ကုန်သားလို့ ပြောရမှာခက်တယ်။ ကျနော် ရန်ကုန်မြို့နဲ့ ပတ်သက်လို့ ဘာမှ ကောင်းကောင်းမွန်မွန် မသိဘူး။ သွားလည်း မသွားဖူးဘူး။ အိမ်ရယ်၊ ဂိမ်းဆိုင်ရယ်၊ ကျောင်းရယ်နဲ့ပဲ ကျနော် အချိန်ကို ကုန်ဆုံးစေခဲ့ပါတယ်။

ရန်ကုန်ကို ပြန်ရောက် တီတီစီကို ပြန်ဝင်တော့ ခုနှစ်တန်း၊ တော်တော်လေးလည်း လူပါးဝလာပြီ ပြောရမှာပေါ့။ ကျနော် တီတီစီမှာ တက်ရတာ ပိုဂုဏ်ရှိသလို စိတ်ထဲမှာ ခံစားမိတယ်။ ဒါပေမဲ့ ကျနော့်ရဲ့ ပေါ့ပေါ့ပါးပါး နေပြီး စာအုပ်ထဲမှာ စာမရှိတဲ့ စရိုက်ရယ်၊ အလွတ်မကျက်နိုင်တဲ့ ဦးနှောက်ရယ် ပေါင်းလိုက်တော့ ကျနော်ဟာ အတန်းထဲမှာ တော်ရုံတန်ရုံ အဆင့်မှာပဲ မနည်း ကုပ်ကပ် တွယ်နေရပါတော့တယ်။

တကယ်တော့ ကျနော်ဟာ အတန်းထဲမှာလည်း ဂုဏ်မရှိခဲ့၊ ကျနော် မတိုးရဲတဲ့ လူတောထဲမှာလည်း ဂုဏ်မရှိခဲ့၊ မိဘရှေ့မှာလည်း သူတို့ မျှော်လင့်တာတွေ နဲ့ မကိုက်ညီတဲ့ သားတစ်ယောက် ဖြစ်တဲ့အတွက် ဂုဏ်မရှိခဲ့၊ ကျနော် ပျော်မွေ့နေတဲ့ ဂိမ်းတွေ ထဲမှာပဲ ဂုဏ်သိက္ခာအတုလေး နည်းနည်း ရှိနေတဲ့ လူတစ်ယောက်သာ ဖြစ်တယ်လို့ ကိုယ့်ဟာကိုယ် သဘောပေါက် မိတယ်။

လွန်ခဲ့တဲ့ နှစ်မှာမှ ချစ်သူတစ်ယောက်လည်း ရတော့ တော်သေးတယ် ပြောရမှာပေါ့။ ဆယ်ကျော်သက် ဘ၀ ကုန်ခါနီးမှ ချစ်သူ တစ်ယောက်ရတော့တယ်။ လောလောဆယ် အဆက်အသွယ် မရလို့ စိတ်ညစ်နေသား... ဒါပေမဲ့ ကျနော့်အနေနဲ့ ကြိုက်ခဲ့၊ သဘောကျခဲ့ ဖူးတဲ့ ကောင်မလေးတွေ များပေမဲ့ ဒီတစ်ယောက်သာ ပထမဆုံး ချစ်သူ ဖြစ်တော့ ကျနော်လည်း အတော်လေး မြတ်နိုးပါတယ်။ လောလောဆယ်တော့ အဝေးကြီးမှာပေါ့ဗျာ...

ဒီနှစ် မတ်ခ်ျလဆို ၁၈နှစ် ပြည့်တော့မယ်။ အကောင်ကလည်း ကြီးသေးတယ်။ ဒါကို အထက်တန်း ပြန်တက်ရဦးမှာမို့ အနည်းငယ်တော့ ချီတုန်ချတုံ ဖြစ်မိပါတယ်။ ဒါပေမဲ့ အခု စ၀င်နေပြီ ဖြစ်တဲ့ ၂၀၀၉ကိုလည်း ကုန်လွန်ခဲ့တဲ့ နှစ်တွေလိုပဲ မသိမသာ ဖြတ်သန်းသွားနိုင်မယ် ထင်မိပါတယ်။

3 comments:

pandora said...

ဂုဏ် ဂုဏ် ဂုဏ်.. ဂုဏ်ဆိုတာဘာကိုခေါ်တယ် လို့ ပြန်စဉ်းစားနေမိတယ်။

ချီတုံချတုံ မဖြစ်ပါနဲ့ ထူးမြတ်ရေ..ကျောင်းတက်ဖို့ အမြန်ဆုံး ပြန်ဖြစ်လာတာပဲ ၀မ်းသာစရာမဟုတ်လား။ ဘ၀တွေက ဒီလိုပါပဲ။ ကိုယ်ဆိုရင်လည်း ဘ၀မှာ ၆ နှစ်လောက် နောက်ကျနေရသလိုပါပဲ။

ပျော်ရွှင်အေးချမ်းမယ့် ၂၀၀၉ ဖြစ်ပါစေ။

sin dan lar said...

***ကျောင်းပြန်တက်ရတော့မယ်ဆို ပျော်စရာကြီး...***
တို့တွေ ၁၀ တန်းမှာ အသက် ၂၀ ကျော်အတန်းဖော် တွေတောင် ရှိပါတယ်... အဲဒီခေတ် ၈ တန်း အစိုးရစစ်မှာ အကြာကြီးကျနေပြီးမှ အောင်လာလို့ အတန်းတက်တာ၊ ၁၀ တန်းမှ ၃ နှစ်၊ ၄ နှစ်လောက်ကျပြီးမှ (ခ) နဲ့ အောင်လို့ ကျောင်းပြန်တက်တဲ့လူတွေပါ။ အဲဒီလို သူငယ်ချင်းတွေထဲက ဆေးကျောင်းမမီခဲ့ပေမယ့် YIT ၀င်ခွင့်ရတဲ့ သူငယ်ချင်းတွေ ရှိခဲ့ပါတယ်...၁၈ နှစ်မှာ အထက်တန်းတက်ဖို့ ချီတုံ ချတုံလုံးဝ မဖြစ်ပဲ ရဲရဲကြီးတက်လိုက်ပါ....
***ဘယ်ဂိမ်းကို ဘယ်လိုပဲကစားကစား ၁ ခါမှ မနိုင်ခဲ့ဖူးတဲ့ တို့ အဖို့ကတော့ မောင်ထူးမြတ်က ဆရာကြီးပေါ့ ****

mait said...

ငယ်ငယ်ရွယ်ရွယ်နဲ့  ဘ၀အတွေ့ အကြုံ စုံခဲ့ရတဲ့ ကိုထူးမြတ်. . ခုတော့ ရေသစ်မြေသစ်ကို ရောက်ခဲ့ရပြန်ပြီ။ ကိုထူးမြတ်ရဲ့ လူ့ လောကအပေါ်အမြင်တွေ စိတ်ဓါတ်တွေကို စာတွေပေါ်ကဖတ်ပြီး တွေ့ မိတယ်။ ခုတော့ ကျောင်းသားဘ၀နဲ့  ကျောင်း(ပြန်)တက်ရဦးတော့မယ်ဆိုတော့ ၀မ်းသာပီတိ ဖြစ်မိတယ်။

မျှော်လင့်ရရင်တော့ ဗမာပြေလွတ်မြောက်ရေးကာလအတွက်ပဲ ဖြစ်ဖြစ်. ပြန်လည်ထူထောင်ရေးကာလအတွက်ပဲ ဖြစ်ဖြစ် ကိုထူးမြတ်လို စိတ်ဓါတ်မျိုးရှိတဲ့လူငယ်တွေ လိုနေတာတော့ တကယ်ပဲ။

ကိုထူးမြတ်ကို ကျနော် အရိပ်တကြည့်ကြည့် ကြည့်နေမိအုံးတော့မယ်။

တကယ်တော့ မင်းလိုလူစား အများကြီးမရှိ။ ။